Friday 8 April 2011

"အာရုံ" နှင့်ပက်သက်သောအတွေးစုများ

"အာရုံ" နှင့်ပက်သက်သောအတွေးစုများ
တန်ဇန်နှင့် အိကိဒိုဆိုတဲ့ ဘုန်းကြီးလေးနှစ်ပါး ခရီးအတူ သွားနေကြတယ်။ လမ်းတစ်လျှောက်မှာ ရွှံ့တွေဗွက်တွေ ထူလို့နေပါတယ်။ မိုးကလည်း သည်းကြီးမည်းကြီး ရွာနေတုန်းပဲ။ ချောင်းဆုံလေးနားရောက်တော့ ပိုးသား ကီမိုနိုဝတ်စုံလေးနဲ့ အလွန်ချစ်စရာကောင်းတဲ့ ကောင်မလေးကို တွေ့လိုက်ကြတယ်။ ရေတွေက ကြီးနေတော့ ကောင်မလေးက ချောင်းကို ဖြတ်မကူးရဲဘူး။ တန်ဇန်ဆိုတဲ့ ဘုန်းကြီးလေးက ရောက်ရောက်ချင်းမှာပဲ “ကောင်မလေး … လာ”ဆိုပြီး တစ်ဖက်ကမ်းကို ပွေ့ခေါ်သွားခဲ့တယ်။
အီကီဒိုဆိုတဲ့ ဘုန်းကြီးလေးက တော်တော် စိတ်ဆင်းရဲသွားတယ်။ ဒါပေမယ့် အဲဒီအကြောင်းကို ဘာမှ ဖွင့်မပြောခဲ့ဘူး။ သူတို့နေတဲ့ ကျောင်းကို ရောက်ပြီး ညအချိန်အထိပဲ။ စိတ်ထဲမှာ တအုံနွေးနွေး ဖြစ်နေခဲ့တယ်။ နောက်ဆုံးတော့ သူ မမြိုသိပ်နိုင်တော့လို့ “ဟေ့.. တန်ဇန်၊ မင်း နေ့ခင်းက ကောင်မလေးကို ပွေ့ပြီး တစ်ဖက်ကမ်းကို ပို့ပေးခဲ့တယ်။ ငါတို့ ဘုန်းကြီးတွေဆိုတာ မိန်းကလေးတွေကို ကိုင်လို့ မရဘူးလေကွာ၊ အထူးသဖြင့် မင်းပွေ့ခဲ့တဲ့ ငယ်ငယ်ချောချောလေးတွေကိုပေါ့။ ဒါ တအား အန္တရာယ်ကြီးတာ သိရဲ့သားနဲ့၊ မင်းဘာလို့ လုပ်ခဲ့တာလဲ”လို့ ပြောပစ်လိုက်ပါတယ်။
ဒီတော့ တန်ဇန်ဆိုတဲ့ ဘုန်းကြီးလေးက “အော် ….. ငါက ကောင်မလေးကို တစ်ဖက်ကမ်းကနေ ပွေ့ပြီး တစ်ဖက်ကမ်းမှာ ထားခဲ့ပြီလေကွာ၊ မင်းက ကောင်မလေးကို အခုထိ ပွေ့ထားတာကိုးကွ”လို့ ဆိုလိုက်ပါတယ်။
တက္ကသိုလ်မှာ ဆရာကြီး နန္ဒာသိန်းဇံ သင်တန်း တက်ခဲ့စဉ်က မကြာခဏ ကြားရတတ်တဲ့ ဇာတ်လမ်းလေးပါ။ ဆရာကြီးက လူ့စိတ်အကြောင်း ပြောတိုင်းလိုလို ဒီဇာတ်လမ်းလေးကို ထည့်ပြောတတ်ပါတယ်။ ဇာတ်လမ်းလေးက တိုတိုလေးပေမယ့် အားပြိုင်မှုက အပြည့်၊ စဉ်းစားစရာ၊ အငြင်းပွားစရာတွေက အပြည့်ပါပဲ။ ယုတ္တိနည်း(logical)နဲ့ စဉ်းစားမလား၊ စိတ်ပညာ (Psychological) နည်းနဲ့ပဲ ပြောကြမလား။ ဒဿနိကဗေဒ(Philosophy)နည်းနဲ့ပဲ ဆိုကြမလား။ ဗုဒ္ဓ၀ိနည်းနဲ့အညီ ဆွေးနွေးကြမလား။ အများကြီးပါပဲ။

ဒီပုံပြင်လေးကို ပြောပြပြီး တရုတ်ကျောင်းသူလေးတစ်ယောက်နဲ့ ကျောင်းသားသုံးယောက်ကို မေးဖြစ်တော့ သူတို့က တန်ဇန်းဘက်က အပြည့်အ၀ ရပ်တည်ပါတယ်။ 100% လုံးဝ မလျှော့ဘူးလို့ ဆိုပါတယ်။ သူတို့ပြောတဲ့အထဲမှာ စကားတစ်ခွန်းက မျက်လုံးပြူးစရာ ဖြစ်ခဲ့ရတယ်။ “တန်ဇန်ကို ရှုတ်ချဖို့ ကြိုးစားတဲ့ ဘယ်ဆင်ခြေကိုမှ အထင်မကြီးဘူး”ဆိုတဲ့ စကားပါပဲ။
ဘုန်းကြီးလေးနှစ်ပါးကနေ စလာခဲ့တဲ့ ဇာတ်လမ်း အဆုံးသတ်ကြည့်ရအောင်။ စာဖတ်သူကော တန်ဇန်အမြင်နဲ့ အီကီဒိုအမြင် …. ဘယ်အမြင်ကို လက်ခံနိုင်မလဲ။ (ဆင်ခြေတွေ မထည့်ဘဲ သာမန် စဉ်းစားခြင်းပေါ့။ ဥပမာ … ကူညီမယ့်သူ ပေါ်လာမှာပါ၊ သူ မကူလည်း တစ်ယောက်ယောက်က ကူမှာပါ…စသဖြင့်ပေါ့။) အီကီဒိုကတော့ မြန်မာဘုန်းကြီး အများစုနဲ့ တူနေမယ်ထင်တယ်။ သူက စာအုပ်ထဲကအတိုင်း လျှောက်ပြောတတ်သူ။ တကယ်မကျင့်ဘဲ စာအုပ်ကြီးနဲ့ ဒုက္ခရောက်နေသူ။ တန်ဇန်ကတော့ ဗြဟ္မစိုရ်နဲ့ လူ့ကျင့်ဝတ်ကို လက်တွေ့ကျကျ ကျင့်သုံးသူ။
ဒီအကြောင်းတွေကို ပြောတဲ့အခါ ဒီထက် ပိုမိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့တော့ လိုတာပေါ့။
ဆရာတော်ရဲ့ ထွေရာလေးပါးအတွေးများမှာတော့ တရုတ်ရဟန်းနှစ်ပါးဇာတ်လမ်းလေးက ဒီလိုရေးထားတာပါ။
တစ်နေ့ ရဟန်းနှစ်ပါး ခရီးထွက်ကြတယ်တဲ့။ ချောင်းတစ်ခုကို ဖြတ်ရမယ်ဆိုတော့ မိုးတွေရွာလို့ ချောင်းရေတွေ ကြီးနေတယ်တဲ့။ ဒါပေမယ့် ချောင်းရေက ရဟန်းနှစ်ပါးအတွက်တော့ တစ်ဖက်ကမ်းကို ကူးမြောက်လို့ ရနိုင်တဲ့အနေအထားဖြစ်ပါတယ်။ သူတို့ ကူးကြမယ်ဆိုတော့ ကမ်းစပ်မှာ မိန်းကလေးတစ်ယောက်က ချောင်းကူးဖို့ လုပ်နေတယ်။ ဒါပေမယ့် ရေကြီးနေတော့ မကူးရဲဘူး။ ဒါနဲ့ ရဟန်းနှစ်ပါးကို အကူအညီတောင်းတယ်တဲ့။ တစ်ပါးက ၀ိနည်းကို တသဝေမတိမ်း လိုက်နာသူဆိုတော့ “ရဟန်းဆိုတာ မိန်းကလေးကို မထိကောင်းဘူး၊ ဒါကြောင့် မင်းကို ငါမကယ်နိုင်ဘူး”ဆိုပြီး ဥပေက္ခာပြုလိုက်တယ်။ နောက်တစ်ပါးကတော့ အဲဒီလို မဟုတ်ဘူး။ ပြောပြောဆိုဆို မိမိမှာပါလာတဲ့ သပိတ်နဲ့အသုံးအဆောင်နည်းနည်းပါတဲ့ အိတ်လေးကို နောက်ကျောမှာ အသေအချာ ချည်ထားလိုက်တယ်။ ပြီး မိန်းကလေးကို ကောက်ပွေ့လိုက်တယ်။ တစ်ဖက်ကမ်းကို ပို့ပေးလိုက်ပြီး ရဟန်းနှစ်ပါး ခရီးအတူဆက်ခဲ့ကြတယ်။
မိန်းကလေးကို ကယ်လိုက်တဲ့ ရဟန်းက ပုံမှန်ပါပဲ။ မိန်းကလေးနဲ့ မတွေ့ခင်ကလည်း ဒီစိတ်ပဲ၊ တွေ့ပြီး မိန်းကလေးကို ကောက်ပွေ့ပြီး တစ်ဖက်ကမ်းကို ပို့ပေးပြီးတော့လည်း ဒီစိတ်ပဲ။ သူ့စိတ်က ပကတိအတိုင်းသာ။ ဒီလို ခရီးဆက်ပြီး ကျောင်းကို ရောက်လာခဲ့ကြတယ်။
ကျောင်းကိုရောက်တော့ ၀ိနည်းလေးစားတယ်ဆိုတဲ့ကိုယ်တော်က မနေနိုင်တော့ဘူး။ စကားစလိုက်တယ်။ “အရှင်ဘုရား ၀ိနည်းမလေးစားဘူး၊ မလုပ်သင့်တာကို လုပ်ခဲ့တယ်”
“ဘာ…အရှင်ဘုရား၊ ဘာဖြစ်လို့လဲ”
“အခုမှ မသိချင်ယောင်ဆောင်မနေနဲ့၊ အရှင်ဘုရား မိန်းကလေးကို ပွေ့ခဲ့တယ်မလား”
ဒီတော့မှ အလွန်မှတ်သားစရာကောင်းတဲ့ စကားလေးထွက်လာခဲ့တယ်။
“အော်…အရှင်ဘုရားနှယ်၊ ဖြစ်မှဖြစ်ရလေ၊ တပည့်တော်က မိန်းကလေးကို ဟိုဘက်ကမ်းကနေ ဒီဘက်ကမ်းအထိပဲ ပွေ့ပြီး အကူအညီပေးခဲ့တာ။ အရှင်ဘုရားက အခုထိ ပွေ့ထားဆဲပါလား”
ကျွန်ုပ်လည်း အာရုံတွေကို ဘယ်ကနေ ဘယ်အထိ ပွေ့ဖက်ထားမိလဲ ဆန်းစစ်နေမိပါတယ်။ ဖတ်တရားမြို့ရဲ့ အမှောင်ကတော့ အလင်းရောင်တွေ များလွန်းလို့ မသိသာလှပါ။ ရင်ထဲမှာတော့ ဘယ်လောက်များများ လင်းပြီး ဘယ်လောက်များများ မှောင်နေကြပါလိမ့်..တဲ့။
မိမိကတော့ အဲဒီထဲက ဘုန်းတော်ကြီးလေးတန်ဇန် ပြောလိုက်တဲ့ ဒီစကားလေးကို လွန်စွာနှစ်သက်မိလို့ေ သသေချာချာမှတ်သားထားမိပါတော့တယ်…

“အော်…အရှင်ဘုရားနှယ်၊ ဖြစ်မှဖြစ်ရလေ၊ တပည့်တော်က မိန်းကလေးကို ဟိုဘက်ကမ်းကနေ ဒီဘက်ကမ်းအထိပဲ ပွေ့ပြီး အကူအညီပေးခဲ့တာ။ အရှင်ဘုရားက အခုထိ ပွေ့ထားဆဲပါလား”
မိမိတို့ ရော ဘုန်းတော်ကြီးလေးအီကီဒို လို မြင်ခြင်းအပေါ်ကအာရုံ၊ ကြားခြင်းအပေါ်ကအာရုံ၊ ထို့ ထက် အရသာအာရုံ၊ အနံ့ အာရုံ၊ ထိတွေ့ အာရုံ စတဲ့အာရုံခြောက်ပါးကြောင့်ဖြစ်ရတဲ့အာရုံတွေကို ဘယ်လောက်ထိသိမ်းပိုက်ထားနေမိကြတာပါလဲတွေးမိရင်း …..
(ဆရာတော်အရှင်ကုသလသာမိ(ပျော်ဘွယ်) ရေးသားထားသောပို့ စ်ကို နှစ်သက်မိပါသဖြင့် ကူးယူဖော်ပြပါသည်)

No comments: