Friday 8 April 2011

ရှေ့စိတ်ကို နောက်စိတ်နှင့် ရှုလို့ရပါ့မလား

ဦးလွန်းဖေအမေး အား မိုးကုတ်ဆရာတော်ကြီးမှဖြေကြားချက်-

ရှေ့စိတ်ကို နောက်စိတ်နှင့် ရှုလို့ရပါ့မလား??

ဦးလွန်းဖေ၏မေးမြန်းချက် (၁၀-၇-၁၉၆၂)

တပည့်တော် လျှောက်ထားလိုတာက ရှေ့စိတ်ကို နောက်စိတ်က သိရမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ၀ိသုဒ္ဓိမဂ်မှာ အရှင်ဗုဒ္ဓဃောသကလည်း ဒီလိုပဲဟောထားပါတယ်၊ ဒီအရှင်ဘုရားရဲ့ တရားမှာလည်း ရှေးစိတ်ကို နောက်စိတ်နဲ့ တွေ့ရမယ် ဒီလိုဆိုထားတော့ တပည့်တော်များ လက်တွေ့ လုပ်ကြည့်တော့လည်း ဒီအတိုင်းပဲလုပ်လို့ ရပါသလားဆိုတော့၊ ရပါတယ်။
တပည့်တော် ၀ီထိ လေ့လာထားတဲ့ ပုဂ္ဂိုလ်အနေနဲ့ ဒါဟာ ကိုက်လို့ မရဘူးဖြစ်နေတယ်၊ စိတ်အစဉ်တို့ မည်သည်မှာ အင်မတန် လျင်မြန်စွာ သွားနေတော့ ဇောစိတ်တွေနဲ့ ဒီလိုတစ်ဝီထိပြီး တစ်ဝီထိ သွားနေတဲ့အခါကြတော့ ရှေ့စိတ်ကို နောက်စိတ်နဲ့ ၀ီထိဒီလောက်များနေပါလျက်နဲ့ ရှေ့စိတ်ကို နောက်စိတ် လုပ်လို့မရနိုင်ဘူး၊ ဒါဟာ ပစ္စုပ္ပန် တည့်တည့်မကျနိုင်ဘူးလို့ ဒီလို နားလည်ထားပါတယ်။

မိုးကုတ်ဆရာတော်ဘုရား၏ ဖြေကြားချက်

ဒီလို နားလည်ထားတော့ ဘုန်းကြီးရှင်းပြပါမယ်၊ ဒကာ ဒကာမတွေ မှတ်ကြပေါ့၊ ဒါဟာ ရှေ့စိတ်ပါ ပဲတဲ့၊ မနောယတနဆိုတာ (တင်ပါ့)။

ကိလေသာဝီထိမပါရင်ပြီးပါတယ်
ရှေ့စိတ် (၃၇) ပါး ပုထုဇဉ်မှန်က ရှိပါတယ်၊ အဲဒီစိတ်ကလေးတွေ ပျက်တဲ့အခါကြလို့ရှိရင်တဲ့ နောက်စိတ်နဲ့ ရှုဆိုတာ “မဂ် ကို ဆိုလိုပါတယ်၊ ၀ိပဿနာမဂ်ကို ဆိုပါတယ်၊ အဲဒီတော့ သူက တစ်ဝီထိပါ၊ ဒီကြားထဲမှာ ဘ၀င်တွေ ခြားပါတယ်၊ အများကြီးခြားပါတယ်၊ ခြားပင် ခြားငြားသော်လည်း ကိလေသာခြား တာ မဟုတ်သောကြောင့် မြင်နိုင်ပါတယ် ကိလေသာ အခြားမရှိဘူး (တင်ပါ့) တစ်ပါးသော ၀ီထိ အခြားမရှိ ဘူး၊ ဘ၀င်တွေသာ ခြားတယ်၊ (တင်ပါ့) တစ်ပါးသော ၀ီထိခြားတယ်လို့ ထင်လို့ရှိရင်လည်း ကိလေသာ ၀ီထိမပါရင် ပြီးတာပဲ၊ (တင်ပါ့)။
အဲဒီတော့ ရှေ့စိတ်က မနောယတန နောက်စိတ်ကလည်း မနာယတနပါပဲ (တင်ပါ့) မနာယတန မနာယတနချင်း အာရုံပြုတယ်လို့မှတ်ပါ၊ ဒါဖြင့် ရှေ့မနာယတနက ဖြစ်ပျက်၊ နောက် မနောယတနကလည်း ဖြစ်ပျက်၊ ရှေ့ဝီထိကို နောက်ဝီထိနဲ့ကြည့်၊ အလယ်မှာ ဘ၀င်တွေ ဘယ်လောက်ခြားခြား၊ ကိုယ့်သန္တာန်မှာ ဖြစ်တဲ့ဘ၀င်က အာရုံတစ်ခုကို ကိုယ်ယူတာ ကိုယ်မသိပါဘူး (တင်ပါ့)။

နောက်ဆိုတာ အဝေးကြီးလို့မှတ်ပါ
ကိုယ်ယူတာ ကိုယ်မသိတဲ့အတွက် ယူထားတဲ့ အာရုံပဲ မဂ်ကနေပြီး စူးစိုက်တဲ့အတွက် ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုရတယ်၊ နောက်ဆိုတာ အဝေးကြီးလို့ မှတ်လိုက်ပါ၊ (တင်ပါ့) ကိလေသာ မခြားရင် ဘယ်လောက် ဝေးဝေးရှုနိုင်ပါတယ်၊ ပေါ်ပြီလား၊ ကိလေသာ မခြားရင် ပြီးတာပဲ၊ ဘ၀င်တွေ ဘယ်လောက် ခြားခြား ဥပမာ - ဘ၀င်က မျက်စေ့တစ်မှိတ်ကို ကုဋေတစ်သိန်းထား၊ ခြားပေမဲ့ခင်ဗျားတို့မှာ အဖြစ်မရှိဘူး၊ ဘ၀င်ဆိုတာ အိပ်နေတုန်းလည်း ဖြစ်နေတာပဲ တစ်ဝီထိနဲ့ တစ်ဝီထိအကြားမှာလည်း သူမပါဘဲ မပြီးဘူး၊ အဲဒီတော့ အဲဒီကြားကို သူတို့ကလည်း နောက်စိတ်ခေါ်နိုင်တာပဲ၊ ခေါ်နိုင်ပေမဲ့ သူတို့က အတိတ်က အာရုံတွေကိုပဲ ယူတယ်၊ အဲဒါကြောင့် ၀ီထိတစ်ခုမခြားဘူးလို့ ယူလိုက်ပါ၊ ဘ၀င်ကတော့ များစွာခြားတယ် လို့ယူပါ။

ကိလေသာမခြားတာကိုဆိုတယ်
ဒါပေမယ့် “ရှေ့စိတ်ကို နောက်စိတ်နဲ့ရှု ဆိုတာသည်ကြားထဲမှာ ဘာပဲခြားခြား ကိလေသာ မခြားတာကို ဆိုသည်။ ရှင်းပြီလား?
ကိလေသာ မခြားလို့ရှိရင်ဖြင့် ရှေ့စိတ်နဲ့ အပျက်ကို နောက်စိတ်နဲ့ မြင်နိုင်တယ်၊ ကိလေသာခြားလို့ရှိရင် ကိလေသာ အမှောင်ကွယ်တဲ့အတွက် ရှေ့စိတ်ကို မမြင်နိုင်ဘူး။
ဒါဖြင့် ရှေ့စိတ် နောက်စိတ်နဲ့ရှုဆိုတဲ့ ၀ိသုဒ္ဓိမဂ်က ရေးရေး၊ သရာဂံဝါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာ တိလို့ သတိပဋ္ဌာန်ကရေးရေး၊ ဒါက သရာဂစိတ်ထားပါတော့၊ ဥပမာ - ဒါက ပဇာနာတိ မဖြစ်နိုင်ဘူးလား (ဖြစ်နိုင်ပါတယ်) ဒါဖြင့် ရှေ့စိတ်ကို နောက်စိတ်နဲ့ရှုဆိုတာနဲ့ သရာဝံ၀ါ စိတ္တံ သရာဂံ စိတ္တန္တိ ပဇာနာတိ ဆိုတာကိုကော မကိုက်ဘူးလား (ကိုက်ပါတယ်) ဒီပါဠိကို အကိုးအကားထားပြီး ၀ိသုဒ္ဓိမဂ်က ရှေ့စိတ်ကို နောက်စိတ်နဲ့ ရှုပါဆိုတာပဲ။ ဒီကြားထဲ စိတ်တွေ ဘယ်လောက်ရှိသတုံး၊ မသိနိုင်ပါဘူး။ ကြားထဲက စိတ်တွေ ကိုယ့်ဟာကိုဖြစ်တာကို ကိုယ်မသိပါဘူး ကိုယ့်ဟာကိုယ်ဖြစ်တာကို ကိုယ်မသိတဲ့စိတ် ခြားသောကြောင့် “ခြားတယ်လို့မယူပါနဲ့တော့ ခြားခဲ့သော် ကိလေသာခြားရင်လည်း ရှေ့စိတ်ကို နောက်စိတ်နဲ့ မမြင်ပါဘူး (တင်ပါ့) အဖြေပေးလိုက်ပါတယ်။

ကိလေသာမခြားလို့သာ မြင်တာ
ရှေ့စိတ် ချုပ်သွားတာကို နောက်စိတ်က မြင်တယ်ဆိုရင် ကြားမှာ ကိလေသာ မခြားလို့သာ မြင်ခြင်းဖြစ်ပါတယ်၊ ပေါ်ပြီလား၊ ဒါဖြင့် ကြားထဲမှာ ဘ၀ပေါင်း ကုဋေတစ်သိန်းခြား၊ ကိလေသာမဟုတ်တဲ့ အတွက် ဘ၀င်ကလည်း သိမ်မွေ့တဲ့အာရုံကိုယူတယ်။ ကံ, ကမ္မနိမိတ်, ဂတိနိမိတ်သုံးပါး အတိတ်က အာရုံ ကိုယူနေတဲ့အတွက် သူနဲ့ကျုပ်တို့နဲ့ ဘာမျှမဆိုင် (တင်ပါ့)။
ကိုယ့် သန္တာန်မှာ သက်စောင့်သာ သူဖြစ်တယ်၊ မသေအောင် စောင့်တာသာ ဖြစ်တယ်၊ အာရုံကို ကန့်ကွက်တဲ့ သဘောနဲ့ မယူပါနဲ့၊ ကန့်ကွက်တဲ့သဘောနဲ့ မယူပါနဲ့၊ ဒါဖြင့် ဖြစ်ပျက်မဂ်ဆိုတာ သဘောကျပြီ လား၊ (သဘောကျပါပြီ) ဒါဖြင့် ပထမ အဖြေ ပြေလည်ပြီနော်၊ ဒုတိယ အဖြေ မေးရင်မေး။

ကိလေသာခြားရင် မမြင်နိုင်ပါ
အမေးပုစ္ဆာ = ကိလေသာတကယ်လို့များ ခြားသွားလို့ရှိရင် ဇောတွေပါသွားမည့် အတွက်ကြောင့် …
အဖြေ        = အမြင်နိုင်ဘူး၊ ပထမ ဟာကို မမြင်နိုင်တော့ဘူး၊ ကိလေသာ အမှောင်ခိုသွားပြီ၊ (တင်ပါ့) ....
ကြားထဲ အမှောင်ဝင်သွားပြီ၊ မရေတော့ဘူး၊ ရချင်လို့ရှိရင် သူတို့ရှေ့စိတ်လုပ်ပြီး ရှုလိုက်ပါ၊ နားလည်ပြီလား (နားလည်ပါပြီ)။

အမေးပုစ္ဆာ = ဒါဖြင့် အရှင်ဘုရား သမနန္တရ, အနန္တရအနေနဲ့ကောယူလို့
ဘုရားဖြစ်ပြီးမှ မြင်တဲ့အမြင်
အဖြေ = သမနန္တရ, အနန္တရဆိုတာ ဘုရားဖြစ်ပြီးမှ မြင်တဲ့ အမြင်၊ (တင်ပါ့) ....
ခင်ဗျားတို့ ကျုပ်တို့ မြင်တဲ့အမြင် မဟုတ်ဘူး (တင်ပါ့) ...
ဘုရားဖြစ်တဲ့လုပ်စဉ်ကို ရှေ့စိတ်နောက်စိတ်နဲ့ ရှုလို့ပြောတာ၊ (တင်ပါ့)...
ဘုရားဖြစ်ပြီးမှ ရှေ့စိတ်နောက်စိတ်ဆိုတဲ့ အမြင်ဟာ ဒါ ဘုရားဖြစ်ပြီးမှ အကုန်သိပြီးမှ မြင်တဲ့အမြင်၊ ဒီအမြင် ကို မလိုက်နဲ့၊ ဘုရားဖြစ်ဖို့ရာ မူလဘူတ အမြင်ကိုလိုက်ပါ၊ အမြင်က နှစ်မျိုးရှိတယ်။
၁။         ဘုရားဖြစ်ပြီး မြင်တဲ့အမြင်ကို ပုထုဇဉ်က မရှုနိုင်ဘူး
၂။         ဘုရားဖြစ်ကြောင်း သူလုပ်နေတဲ့အမြင်ကိုတော့ ခြေရာခံလိုက်နိုင်တယ်။ ရှင်းပြီလား၊ ကဲဒါဖြင့် ပြေရောပေါ့ (တင်ပါဘုရား)။
အမေးပုစ္ဆာ = တပည့်တော်ထပ်လျှောက်လိုတာက - ဒါဖြင့်ရင် အတိတ် အာရုံကို ပြန်ယူသလို ယူနေတယ်။

ရှေ့ဝီထိနဲ့ နောက်ဝီထိလို့မှတ်
အဖြေ = အတိတ်အာရုံကိုလို့တော့ မဆိုနဲ့၊ ကြားဝီထိ တစ်ခုခုမှ မလာသောကြောင့် အတိတ်လို့ မဆိုပါနဲ့၊ ဇောဝီထိ မလာဘူး၊ ဘ၀င်တွေ လာနေတယ်၊ ဇောဝီထိလာရင် ခုနင်က ရှေ့စိတ်ဟာ အတိတ်ဖြစ်ရ မယ်၊ ဘ၀င်စိတ်လာလို့ရှိရင် အတိတ်လို့မဆိုပါနဲ့ ရှေ့ဝီထိနဲ့ နောက်ဝီထိလို့မှတ်ပါ၊ ကဲဒါဖြင့် ပြေရောပေါ့ (တင်ပါဘုရား)
အမေးပုစ္ဆာ = ဒုတိယကတော့ ဒီမဂ္ဂ၀ီထိမှာ ဒီမဂ်ပြီးတော့ ဖိုလ်, ဖိုလ် နှစ်ကြိမ်, သုံးကြိမ် ပစ္စုပ္ပန်ဖိုလ်၊ မဂ်ပါဖိုလ် - ၃ခုသာ ရှိတဲ့အတွက်ကြောင့် ဒီတရားရတဲ့ ပုဂ္ဂိုလ်တွေက အဲဒီလိုဖြစ်သွားလိုက်တာ၊ တစ်ခါထဲ မေ့သွားလိုက်တာ ဘယ်နှစ်နာရီရှိမှန်းတောင် မသိပါဘူး၊ အဲဒါ နာရီကြည့်လိုက်တော့မှ သုံးနာရီ ထိုးတယ်၊ လေးနာရီထိုးတယ်ဆိုတဲ့ဟာ မဂ္ဂ၀ီထိနဲ့ မကိုက်ဘူး ဖြစ်နေတယ်။

မဂ္ဂ၀ီထိဆိုတာ
အဖြေ = မကိုက်ဘူး၊ မဂ္ဂ၀ီထိဆိုတာသည် ဒီစိတ်တွေ အကုန်ချုပ်သွားတာ (တင်ပါ့) စိတ်နဲ့သဟဇာတ ဖြစ်တဲ့ ရုပ်လည်း ချုပ်ပါတယ်။ (တင်ပါ့) ဒါဖြင့် တိုတိုပြောကြပါစို့ ဖဿ, ဝေဒနာဆိုတာ ရုပ်နာမ်တွေ အာရုံနာမ်ရုပ်တွေဟာ အကုန်ချုပ်တယ်။ ဘာသစ္စာတုံးလို့ မေးတော့ ဒုက္ခသစ္စာ၊ ဒီမှာမြင်တဲ့အတိုင်း ဒုက္ခသစ္စာတွေ ချုပ်သွားတော့ကို ဒုက္ခ၏ချုပ်ရာ ဒီနေရာ အစားထိုးလာတာ နိဗ္ဗာန်ပေါ်လာတယ်။ နိဗ္ဗာန်ကို ရှေးဦးစွာ မြင်တာက ဂေါတြဘူ၊ နောက်ကျတော့ ဂေါတြဘူချုပ်သွားတော့ နိဗ္ဗာန်ကို မဂ်ကမြင်တယ်၊ နောက်ကျတော့ ဖိုလ်ကမြင်တယ်။ နောက်ကျတော့ ဘ၀တွေကျတော့ မမြင်တော့ပါဘူး။ (တင်ပါ့) ဘ၀င်တွေကျတော့ ကံ,ကမ္မနိမိတ်ကို အာရုံပြုပါတယ် (တင်ပါ့) နောက်ပစ္စဝေက္ခဏာ ဇောပြန်လာလို့ရှိရင် မြင်ပြန်ပါတယ်၊ နိဗ္ဗာန်ကို။
အဲဒီတော့ နိဗ္ဗာန်အာရုံနဲ့ အာရမ္မဏိကနဲ့ မခွဲရဘူး။ ခွဲရင်ဒီဥစ္စာသည် မဂ်ဆိုက်၊ ဖိုလ်ဆိုက်လို့ မယူပါ နဲ့၊ အာရုံအာရမ္မဏိက ဘယ်တော့မှ မထိစေနဲ့၊ ထိရင်သေသွားမယ်၊ (တင်ပါ့) ဆိတ်ရင်သေသွားမယ် (တင်ပါ့ဘုရား) ဒါ အသေဖြစ်သွားမယ်။

အိပ်ပျော်နေတာနဲ့ အတူတူပဲ
တကယ်လို့သူသည် တစ်နာရီ၊ နှစ်နာရီကြာတယ်ဆိုတာ ကိုယ့်ဘ၀င်စိတ်တွေ သူဖြစ်တာသာ ဆိုတာ နိဗ္ဗာန်ကို မြင်တာ မဟုတ်ဘူး၊ ဘ၀င်သည် နိဗ္ဗာန်ကို မမြင်နိုင် မဂ်နဲ့ ဖိုလ်သာ၊ ဂေါတြဘူရယ်၊ မဂ်ရယ် ဖိုလ်ရယ် ဒါသာ နိဗ္ဗာန်မြင်နိုင်တယ်၊ ပစ္စဝေက္ခဏာ နောက်ကလာရင် မြင်နိုင်တယ် ကျန်တဲ့ ဘ၀င်စိတ်တွေလာနေတာ သူ နိဗ္ဗာန်ကို အာရုံပြုနေတာ မဟုတ်ဘူး။ အိပ်ပျော်နေတာနဲ့ အတူတူ၊ ရှင်းပြီလား (ရှင်းပါပြီ)။

နိဗ္ဗာန်မသိတဲ့အချိန်မရှိ
ဒါဖြင့် နိဗ္ဗာနံ ဂေါတြဘုဿ၊ အာရမ္မဏ ပစ္စယေန ပစ္စယော၊ နိဗ္ဗာနံ မဂ္ဂဿ အာရမ္မဏ ပစ္စယေန ပစ္စယော၊ နိဗ္ဗာနံ ဖလဿ အာရမ္မဏ ပစ္စယေန ပစ္စယော၊ နိဗ္ဗာနံ ပစ္စဝေက္ခဏဿ အာရမ္မဏ ပစ္စယေန ပစ္စယောဟု ဟောသောကြောင့် အာရုံ အာရမ္မဏိက တွဲလျက်ဖြစ်သောကြောင့် ဘယ်အချိန်ကာလမှ နိဗ္ဗာန်ကို မသိတဲ့ အချိန်မရှိ မသိတဲ့အချိန် ရှိရင်ဘ၀င်။ မှန်သွားပြီဆိုတော့ တစ်နာရီ နှစ်နာရီ မဟုတ်တော့ဘူး အမြဲသိနေတာ တစ်ခုချုပ်ပြီး တစ်ခုကသိလိုက်၊ တစ်ခုချုပ်ပြီး တစ်ခုကသိလိုက်၊ ဒါမှအမှန် ဒါပဋ္ဌာန်းပါဠိတော်၊ ပေါ်ပြီလား … (ပေါ်ပါပြီ) ကြေကောကြေကြပြီလား … (ကြေပါပြီ)။

သူပြောတာမှားတယ်
ဒါဖြင့် ကျုပ်တို့ဟာ နိဗ္ဗာန် အာရုံပြုလိုက်တာ နောက်မှ ထကြည့်တော့ တစ်နာရီလောက်ရှိတယ်လို့ သူပြောတာသည် မှားတယ်၊ မှားတော့ ဘယ့်နှယ်ကြောင့် မှားသလဲ... နိဗ္ဗာနံ ဂေါတြဘုဿဆိုတာ တစ်ကြိမ်ပဲရှိတယ်၊ နိဗ္ဗာနံ မဂ္ဂဿကော တစ်ကြိမ်ပဲရှိတယ်၊ နိဗ္ဗာနံ ဖလဿ နှစ်ကြိမ်သုံးကြိမ် ထားပါတယ်၊ အဲဒီနောက်မှာ ဘ၀င်တွေ့လာတော့ နိဗ္ဗာန်မမြင်ပါဘူး။
နောက်ကျမှ ပြန်ဆင်ခြင်တယ် ငါခုနကဟာ ဘာပါလိမ့်မတုံး ပြန်ဆင်ခြင်ပြန်တော့လည်း ပစ္စဝေက္ခဏံ နိဗ္ဗာနံ ပစ္စဝေက္ခဏဿ၊ (တင်ပါ့) အလယ်ကြားဟာ အလကား၊ အလယ်ကြား မသိတာ အလကားပဲ၊ ဘ၀င်ဖြစ်နေတယ် ရှင်းပြီလား (ရှင်းပါပြီဘုရား)။

ရေအိုးတစ်ထောင်နဲ့လောင်းသလိုဆိုတာ
ဒါဖြင့်ရင် တစ်ကိုယ်လုံးအေးသွားတာပဲလို့ဆိုတော့ ဘုန်းကြီးက ရှင်းပြပါမယ် အဲဒါ ဘုရားက ဥပရိပဏ္ဏသပါဠိတော်မှာ မပါဘဲနဲ့ အဋ္ဌကထာဆရာက ဖွင့်တယ် (မှန်ပါ) အဋ္ဌကထာဆရာက ဘာတုန်း ဆိုတော့ သီတဃဋသဟဿံ အာသိဉ္စမာနံ ၀ိယဟောတိ၊ ရေအိုးတစ်ထောင်နဲ့ လောင်းသလို အေးသွားတတ်တယ်၊ ဥပမာပြတာ၊ တကယ်အေးတာမဟုတ်ပါဘူး။
အဲဒါကို သူတို့က တကယ်အေးယူတယ်၊ အာသိဉ္စ မာနံဝိယဆိုတာ ဥပမာ၊ ရေအိုး (၁၀၀၀) နဲ့ ပူနေတဲ့အခါ နေပူထဲက လာပြီးတော့ နေတဲ့အခါ အင်မတန် အအေးတောင့်တ, နေတော့ ဖျတ်ဆို ညဥ့်သိပ်ရေ ရေအိုးတစ်ထောင်နဲ့လောင်းပြီး ချိုးလိုက်တော့ ဒီလိုအေးဘိသကဲ့သို့ ဖြစ်တတ်ပါတယ်။
မဂ်ဆိုက်တဲ့ပုဂ္ဂိုလ်များ အဲဒါ အဋ္ဌကထာ ဆရာကဖွင့်တာ၊ ပါဠိတော်က အေးတယ်လို့ မလာဘူး။ (တင်ပါ့) အဲဒါ အေးတယ်လို့ ယူနေကြတာ။

ပါဠိတော်နှင့် အဋ္ဌကထာခွဲမှတ်ပါ
အာသိဉ္စမာနံဝိယ အေးသကဲ့သို့ ဖြစ်ပါတယ်၊ တကယ်အေးတာလားဆိုတော့ မဟုတ်ဘူး ကိလေသာတွေ မရှိတာဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ) ကိလေသာ မရှိတာဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ) ကိလေသာ မရှိတာကို ဆိုတာပါတဲ့ အဲဒါ သမ္မာဒိဋ္ဌိ သုတ်မှာလာတယ် ဒီဥစ္စာ အဋ္ဌကထာမှာလာတာ ပါဠိတော်မှာ မပါဘူး၊ အဲဒီတော့ ပါဠိတော်နဲ့ အဋ္ဌကထာခွဲမှတ်။
ကဲ - ဒါဖြင့် ဘယ်လိုအေးမည်လဲဘုရားလို့မေးတော့ ပဋိသမ္ဘိဒါမဂ်က ဟဒယသုသီတလမဂ္ဂဒဿနေ န သန္တပဋ္ဌော၊ ပဋိသမ္ဘိဒါမဂ်က ဒါလဲအဋ္ဌကထာပဲ ဟဒယသုသီတလ မဂ္ဂဒဿနေန နှလုံး၌ ငြိမ်းအေးခြင်း လက္ခဏာရှိသော မဂ္ဂသစ္စာ ရောက်မှသာလျှင် သန္တာပဋ္ဌေ - ကိလေသာ အပူငြိမ်းအေးသည် ဟောတိ - ဖြစ်၏။

အပူမီးငြိမ်းတာကို ဆိုတာပါ
မဂ်ပေါ်မှ ၀မ်းထဲက ကိလေသာ အပူမီးငြိမ်းတယ်လို့ဆိုတာ ပေါ်ပြီလား (ပေါ်ပါပြီ) မဂ်ပေါ်လာလို့ ရှိရင် ကိလေသာ အပူမီးငြိမ်းတာ ဒါကိုဆိုတာပါ အေးတယ်လို့ဆိုတာ မဟုတ်ဘူး ကိလေသာ အပူမီးငြိမ်းသွားပြီးတော့ ငြိမ်းတာမှ နိဗ္ဗာန် ခန္ဓာကိုယ်အေးတာ မဆိုလိုဘူး။
မဆိုလိုပါဘူးတဲ့... ခန္ဓာကိုယ်အေးလို့ရှိရင် သွေးဆုတ်သွားမှာပေါ့ (တင်ပါ့) မဟုတ်ဘူးလား (ဟုတ်ပါတယ်)။

ကိလေသာဟာနာမ်ဓမ္မ
ဒီအအေးကိုဆိုတာ မဟုတ်ပါဘူး၊ ကိလေသာအပူမီးငြိမ်းသွားတာကိုဆိုတာ... ကိလေသာဟာ နာမ်ဓမ္မပါပဲ.... နာမ်ဓမ္မပင် ဖြစ်လင့်ကစား မဂ်စိတ်တို့လို ငြိမ်ငြိမ်ဆိတ်ဆိတ်က မရှိဘူး။ ပူပူလောင်လောင်ရှိတယ်၊ ပျာယာခတ်တယ်၊ ဒီပျာယာခတ်တဲ့ စိတ်တွေ ပျောက်သွားတာကို ဆိုတယ်။ ပျာယာခတ်တာကို ငြိမ်းသွားတယ်ဆိုတာပါ ငြိမ်းတာပါ အေးတယ်လို့ ယူပစ်လိုက်လို့ စင်စစ်တော့ ကိလေသာငြိမ်းတာ၊ ပေါ်ပြီလား (တင်ပါ့) တကယ် အေးတာမဟုတ်ဘူး ကိလေသာငြိမ်းတာ။
တကယ်အေးရင်ဖြင့် ခင်ဗျားတို့ (ဂတ်(စ်)) တွေ ဘာတွေ လွှတ်ရဦးမှာပေါ့ (တင်ပါ့) ဥပမာပြတာ၊ ဒါကို အဟုတ်အေးတယ် ယူပစ်လိုက်ပါတယ်။ ယခုခင်ဗျားတို့က ခင်ဗျားတို့ ကြားဖူးတာက အဲဒီလို မအေးပါ ဘူး၊ ကိလေသာ မရှိလို့ ကိလေသာက နဂိုက ငါဘုရားက ဟောထားတာ အပူဓာတ်၊ မဂ်က အအေးဓာတ်က မဂ်ဆိုက်လာလို့ရှိရင် ကိလေသာ အပူပျောက်တယ်လို့ ဟောတာ ရှင်းပြီလား (ရှင်းပါပြီ)။
ဒါဖြင့် တစ်ကိုယ်လုံး အေးသွားတာကို ဆိုလို့ရပါမည်လား မရဘူးတဲ့၊ သို့သော်လည်း တစ်ခုစဉ်းစား ပါလို့ ခင်ဗျားတို့ကို သတိပေးလိုက်တယ်။ ပူတာကို ပူမှန်းသိတဲ့ပုဂ္ဂိုလ်မှ အေးတာ အေးမှန်းသိတယ် (တင်ပါ ဘုရား) ကိလေသာက ပူနေတာ။

ငြိမ်းမှုနဲ့အေးမှုတခြားစီ
ခင်ဗျားတို့က အစိုးရအလုပ်လုပ်တယ်၊ ဥပမာ - မောင်သက်မောင်ကလည်း အရောင်းအ၀ယ် လုပ်တယ်၊ အစရှိသည်တို့ကို လုပ်နေတော့ ၀မ်းထဲမှာ ရှုပ်ပွေနေတာပဲ၊ ဂနာမငြိမ်ဘူး အဲဒီ ဂနာမငြိမ် တာတွေ ပျောက်တာကို အေးတယ်လို့ဆိုတာပါ၊ ကိလေသာငြိမ်းတာကို အေးတယ်လို့ဆိုပါတယ်၊ ငြိမ်းမှုနဲ့ အေးမှုဟာ တခြားစီ၊ ငြိမ်းမှုကငြိမ်းမှု၊ အေးမှုက သီတတေဇော၊ ငြိမ်းမှုက မဂ်၊ မဂ်ကြောင့် ကိလေသာငြိမ်း သွားတာ၊ သဘောပါပြီလား၊ ဒါဖြင့် ဒုတိယ အဖြေပြီးရောပေါ့၊  (တင်ပါ့ဘုရား)။
အမေးပုစ္ဆာ = တတိယတော့ တပည့်တော်ကို အဲဒါနဲ့ အရှင်ဘုရား ခုနက သံယုတ်ပါဠိတော်မှာ မေးတဲ့လူရှိတယ်၊ ပုဏ္ဏားက ဘုရားလာမေးတယ်-
အရှင်ဘုရား အတ္တရှိပါသလား၊ အတ္တရှိပါတယ်လို့ ငါမဟောဘူး၊
ဒါဖြင့် အနတ္တရှိပါသလား၊ အနတ္တရှိတယ်လို့ ငါမဟောဘူး၊
ဘုရားကနှစ်ခုစလုံး ပယ်ချလိုက်တယ်၊
ဒါနဲ့အရှင် အာနန္ဒာက အနားမှာရှိတယ်၊ အရှင်ဘုရား အတ္တရှိသလား ဆိုတော့ မရှိဘူးဟောလိုက်တယ်၊
နို့ အနတ္တမရှိဘူးလား ဆိုလို့ရှိရင်လည်း မရှိဘူးလို့ ဟောလိုက်တော့ မခက်ဘူးလားဘုရား?

ပုဂ္ဂိုလ်ငဲ့ဟောရတာ
အဖြေ = အနတ္တတွေပဲ (တင်ပါ့) ဟုတ်တယ်တဲ့ကွ၊ ငါ ဝေနေယျဇ္ဈာသယလိုက်ပြီး ဒီပုဏ္ဏား အယူလွဲသွားမှာ စိုးလို့ အတ္တရှိသလားဆိုရင် သဿတဒိဋ္ဌိဘက်ပြေးလိမ့်မယ်၊ ဒါဖြင့် အနတ္တသာရှိသလားဆိုတော့ အနတ္တရှိ တယ်လို့ ဆိုလိုက်ပြန်ရင်လည်း အနတ္တဆိုတာ ဘာမှမရှိဘူး ပျောက်ကွယ်သွားတာဆိုတာ အနတ္တဆိုတာ ဘာမှ မရှိဘူး ပျောက်ကွယ်သွားတာဆိုတာ အဲဒီတော့ဥစ္ဆေဒဒိဋ္ဌိဘက်ပြေးလိမ့်မယ်၊ အဲဒါကြောင့် သဿတ ဥစ္ဆေဒ ဒီနှစ်ခုလွတ်အောင် ငါဖြေလိုက်ခြင်းဖြစ်တယ်၊ ပေါ်ပြီလား (တင်ပါ့)။
အဲဒီ သံယုတ်ပါဠိတော် ... ဒါဖြင့် စင်စစ် ပုဂ္ဂိုလ်ကို မငဲ့ဘဲနဲ့ ပုဏ္ဏားဥာဏ်ကို ဘုရားက မချိန်ဘဲနဲ့ နိဗ္ဗာန်ရောက်ကြောင်း ဟောမယ်ဆိုရင် အနတ္တရှိတယ်ဟောရမယ်၊ အတ္တရှိတယ်လို့ မဟောရဘူး ရှင်းပြီလား (ရှင်းပါပြီဘုရား)။
အမေးပုစ္ဆာ = နောက်ဆုံးလျှောက်လိုတာက - ဒီမဂ်ရပြီးတဲ့ ပုဂ္ဂိုလ်များဟာ တပည့်တော်တို့လို သာမန်လူ အနေနဲ့ စားသောက်နေထိုင်တဲ့အခါကြတော့ ဒိဋ္ဌိကြီးတန်းလန်းကြီးနဲ့ပါနေတာပေါ့ဘုရား
မဂ်ရပြီးတဲ့ ပုဂ္ဂိုလ်ကတော့ သူလည်း စားသောက်နေလို့ရှိရင် မဆင်ခြင်လို့ရှိရင် တပည့်တော်တို့နဲ့ မထူးဘူးလို့ ဒီလို အောက်မေ့ပါတယ်။

ရောဂါပျောက်ပြီးတဲ့ပုဂ္ဂိုလ်
အဖြေ = ဒါက ဒီလို ရောဂါ မပျောက်သေးတဲ့ ပုဂ္ဂိုလ်က မတည့်တာ စားတာတစ်မျိုး၊ ရောဂါပျောက်တဲ့ ပုဂ္ဂိုလ်က မတည့်တာ စားတာ တစ်မျိုးဒီလို ထူးခြားပါတယ်။
ရောဂါပျောက်ပြီးသား ပုဂ္ဂိုလ်က မတည့်တာစားတာ သူ့မှာ အစာကြေတယ်၊ ဟို မပျောက်သေးတဲ့ ပုဂ္ဂိုလ်က ရောဂါထ,တယ်၊ ဒီလိုကွာသွားပါတယ်၊ သူ့မှာ ဒိဋ္ဌိပြုတ်ပြီးသားပါ၊ သမုစ္ဆေဒပယ်ပြီးသားပါ၊ ဒီလိုကွာသွားပါတယ်၊ သဘောပါပြီလား။
ဒိဋ္ဌိ, ၀ိစိကိစ္ဆာ, သီလဗ္ဗတ ပရာမာသလို ပယ်ပြီးသားဖြစ်ပါတယ်၊ နေပုံ ထိုင်ပုံက ချို (ဂျို) မပေါက်ပါ ဘူး၊ သို့သော် ခင်ဗျားနောက် ဘုန်းကြီးအကြောင်း ညီညွတ်ရင် သောတာပန်မှာ ပေါ်တဲ့ (၇) စိတ်ကို ကျုပ်အထက်ကနေပြီးတော့ ရေးပေးပါဦးမယ် (တင်ပါ့ဘုရား)။
 သာဓု … သာဓု … သာဓု။
(Dhammaransi မှကူးယူဖော်ပြပါသည်။)

No comments: