Thursday 14 April 2011

ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ ၏ “ဂုဏပူဇာ” မင်္ဂလာအခမ်းအနား အတွက်ကုသိုလ်ပါဝင်နိုင်ပါပြီ

သကျသီဟ ဝဋံသကာ၊ ပါဠိ သိရောမဏီ၊ ဘီအေ
“အဘိဓဇ မဟာရဋ္ဌဂုရု” ၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌ
တိပိဋက နိကာယကျောင်းတိုက်ကြီးများ၏ စီမံအုပ်ချုပ်မှု မဟာနာယက

ကျေးဇူးတော်ရှင် (နဝမ) ဗန်းမော်ဆရာတော်ဘုရားကြီး
ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ ၏ “ဂုဏပူဇာ” မင်္ဂလာအခမ်းအနား အတွက်ကုသိုလ်ပါဝင်နိုင်ပါပြီ …

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ နဝမမြောက်ဗန်းမော်ဆရာတော် “ဒေါက်တာအရှင်ကုမာရာဘိဝံသ” သည် ၂၀၁၁ခုနှစ်၊ မတ်လ (၁၉) ရက်နေ့တွင် သာသနာရေးဆိုင်ရာ အမြင့်ဆုံးဘွဲ့တံဆိပ်တော်ဖြစ်သော “အဘိဓဇ မဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ကို လက်ခံချီးမြှောက်တော်မူခဲ့ပါသည်။ ၎င်းဘွဲ့တော်ကို အဂ္ဂမဟာပဏ္ဍိတ ဘွဲ့ရပြီးသူ၊ အကြားအမြင်ဗဟုသုတများသူ၊ အနည်းဆုံးသိက္ခာဝါ(၄၀)ရရှိပြီးသူ၊ ရဟန်းရှင်လူတို့အတွက် အကျိုးများသော ကျမ်းစာရေးသားပြီးသူနှင့် တစ်နိုင်ငံလုံးက အလေးအမြတ်ပြုအပ်သော ဆရာတော်ကြီး များကိုသာ အပ်နှင်းသည့် သာသနာရေးဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်ပါသည်။

ဗုဒ္ဓ၊ ဓမ္မ၊ သံဃ၊ လောကအသင်းကြီး (Lotus Foundation) အသင်းကြီး၏ သြဝါဒစရိယ ဆရာတော်ကြီးတစ်ပါးဖြစ်တော်မူသော ကျေးဇူးတော်ရှင် နဝမမြောက် ဗန်းမော်ဆရာတော်ကြီးအား ဆရာတော်ကြီး၏ တပည့် ဒါယိကာ၊ ဒါယိကာမများနှင့် သဒ္ဓါကြည်လင် စေတနာရှင်၊ ကုသိုလ်ရှင်အပေါင်းတို့မှ ဆရာတော်ဘုရားကြီး၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့အား ချီးကျူးကော်ရော် ပူဇော်ဂုဏ်ပြုသောအားဖြင့် “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်အတွက် “ဂုဏပူဇာ” မင်္ဂလာအခမ်းအနားကြီးကို (၁၈-၀၆-၂၀၁၁) ရက်နေ့နှင့် (၁၉-၀၆-၂၀၁၁) ရက်နေ့များတွင် မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်၌ ဆင်ယင်ကျင်းပသွားမည်ဖြစ်ပါသည်။
 
ဤကဲသို့ထူးကဲမွန်မြတ်လှသော “ဂုဏပူဇာ” မင်္ဂလာအခမ်းအနားကြီး၌ ဗုဒ္ဓ၊ ဓမ္မ၊ သံဃ၊ လောကအသင်းကြီး (Lotus Foundation) မှလည်း အောက်ဖေါ်ပြပါအတိုင်း ဂုဏ်ပြုအလှူတော် အစီအစဉ်များဖြင့် လှူဒါန်းပူဇော်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁။ ဗန်းမော်ဆရာတော်ဘုရားကြီး (၂၁-၀၃-၂၀၁၀) ရက်နေ့တွင် စင်္ကာပူနိုင်ငံ Informatics Centre ၌ ဟောကြားချီးမြှင့်တော်မူခဲ့သော “အပါယ်တံခါးပိတ်တရားတော်”နှင့် “နိဗ္ဗာန်တံခါးဖွင့်တရားတော်” တရားတော်နှစ်ပုဒ်အား စာအုပ်ရိုက်နှိပ်၍ ဓမ္မပူဇာအဖြစ် လှူဒါန်းပူဇော်ခြင်း။

၂။ ဗန်းမော်ဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့သော တရားတော်များကို စုစည်း၍ DVD တရားခွေများအဖြစ် ဓမ္မဒါနပြုလှူဒါန်းပူဇော်ခြင်း။

၃။ “ဂုဏပူဇာ” မင်္ဂလာအခမ်းအနားသို့ ကြွရောက်တော်မူလာကြမည့် ပင့်သံဃာတော်များအား အလှူဝတ္ထုငွေ ငါးသောင်း ကျပ် (၅၀၀၀၀ ကျပ်)နှင့်ညီမျှသော လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်း။

၎။ ဗန်းမော်ဆရာတော်ဘုရားကြီးအား “ဂုဏပူဇာ”အဖြစ် မင်္ဂလာဂုဏ်ပြုအထိမ်းအမှတ် လှူဖွယ်ဝတ္တုအစုစု တို့ကို ဂုဏ်ပြုဆက်ကပ်လှူဒါန်းခြင်း။

၅။ “ဂုဏပူဇာ” မင်္ဂလာအခမ်းအနားဖြစ်မြောက်ရေး အထွေထွေကုန်ကျစရိတ်များအတွက် ပါဝင် လှူဒါန်းခြင်း။

သို့ပါ၍ နဝမမြောက် ဗန်းမော်ဆရာတော်ကြီး၏ “ဂုဏပူဇာ” မင်္ဂလာအခမ်းအနားကြီးတွင် တရားချစ်ခင် သဒ္ဓါကြည်လင် စေတနာရှင်၊ ကုသိုလ်ရှင်များအနေဖြင့် မိမိတို့ သဒ္ဓါတရား နည်းများမဆို ပါဝင်လှူဒါန်းခြင်းဖြင့် ကုသိုလ်တော်ပါဝင်နိုင်ကြပါကြောင်း ရိုသေလေးစားစွာဖြင့် နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်လိုက်ရပါသည်။

“ဂုဏပူဇာ” မင်္ဂလာအခမ်းအနားကြီးနှင့် ပတ်သက်၍ Lotus Foundation မှ စီစဉ်ဆောင်ရွက်ထားမှု အစီအစဉ်အသေးစိတ်နှင့် လှူဒါန်းမှုအစုစုတို့အတွက် အောက်ဖေါ်ပြပါအသင်းဝင်ပုဂ္ဂိုလ်များထံသို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းလှူဒါန်းနိုင်ပါကြောင်း ထပ်လောင်း၍ အသိပေးလိုက်ရပါသည်။

ဆက်သွယ်ရမည့် ပုဂ္ဂိုလ်များ၏ အမည်နှင့် ဖုန်းနံပါတ်များ


၁။ ကိုကျော်လွင် (65-97365034 --> Remark: please call this number after office hours)

၂။ ကိုကျော်ဝဏ္ဏ (65-82369159)

၃။ ကိုထင်ကျော် (65-94242961)

၎။ ကိုဇော်ဇော်ထွဋ် (65-91822963)

၅။ ကိုအောင်ပြည့်စုံအေး (65-91197361)

၆။ ကိုဝင်းထွန်းဆင့် (65-91715156)

၇။ မအေးဇာလီ (65-93854422)

၈။ မကြည်ပြာဝင်း (65-94894622)

**************************************************************************
အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့အကြောင်း သမိုင်းနောက်ခံ

မြန်မာနိုင်ငံ သာသနာရေးဆိုင်ရာ ဘွဲ့များတွင် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်မှာ အမြင့်ဆုံးသော ဘွဲ့ ဖြစ်ပါသည်။ မြန်မာနိုင်ငံ လွတ်လတ်ရေး ရပြီးနောက် ဆဋ္ဌသင်္ဂါယနာ အကြိုခေတ်၊ မြန်မာသက္ကရာဇ် ၁၃၁၅-ခုနှစ်မှစ၍ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ကို မြန်မာနိုင်ငံအစိုးရ အဆက်ဆက်တို့က ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ဘွဲ့တံဆိပ်တော် စီစဉ်သတ်မှတ်ရေးကော်မတီက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းနိုင်သော အင်္ဂါ ၄-ရပ်ကို
အောက်ပါအတိုင်း သတ်မှတ်ထားပါသည်။

၁။ အဂ္ဂဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ရပြီးဖြစ်ခြင်း။
၂။ အနည်းဆုံး သိက္ခာဝါ ၄၀ ( သက်တော် ၆၀ ) ရှိရခြင်း။
၃။ ဗဟုသုတ အကြားအမြင်များခြင်း။
၎။ လူရှင်ရဟန်းတို့အား ကျေးဇူးများသော ဗုဒ္ဓဘာသာ စာပေကျမ်းဂန်ကို ရေးသားဖူးခြင်း။


ချီးမြှင့်ထောက်ပံ့မှု

အဘိဓဇမဟာရဋ္ဌဂုရု ဟူသော ဘွဲ့၏အဓိပ္ပါယ်ကို အောက်ပါအတိုင်း မှတ်သားနိုင်ပါသည်-

အဘိ-ထူးကဲသော၊
ဓဇ-အလံတံခွန်သဖွယ်၊
မဟာ-ကြီးကျယ်မြင့်မြတ် ထင်ရှား၍၊
ရဋ္ဌ-နိုင်ငံတ၀ှမ်းလုံးက၊
ဂုရု-အလေးအမြတ်ပြုအပ်သော ဆရာတော်။

အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရသော ဆရာတော်များကို နိုင်ငံတော်အစိုးရက ကုန်း-ရေ-လေ အခမဲ့ ခရီးသွားလာခွင့်လက်မှတ် ဆက်ကပ်လှူဒါန်းသည့်အပြင် နောက်ပါ တပည့် ၂-ယောက်ကိုလည်း ခေါ်ဆောင်ခွင့် ပြုထားပါသည်၊

နှစ်စဉ် ဆွမ်းဆန်တော်အလှူငွေ ၁၅၀၀-ကျပ် ကပ်လှူခဲ့ရာမှ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် ၆၀၀၀-ကျပ်အထိ တိုးမြှင့်ဆက်ကပ်ကြောင်း သိရပါသည်။

 ယခင်က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော် ပျံလွန်တော်မူသည့်အခါ ဈာပနစရိတ် ၃၀၀၀-ကျပ် ထောက်ပံ့ခဲ့ပါသည်။

ယခု နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် ဈာပနထောက်ပံ့ငွေ ၅၀၀၀-ကျပ်အထိ တိုးမြှင့် ထောက်ပံ့ကြောင်း သိရပါသည်။

အဘိဓဇ စစ်တမ်း

၁၃၁၅-ခုနှစ်မှ ၁၃၅၂-ခုအထိ ၃၇-နှစ်အတွင်း အဘီဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ကို ပြည်တွင်းပြည်ပ ဆရာတော်ကြီး ၃၅-ပါးတို့အား ဆက်ကပ်လှူဒါန်းပြီး ဖြစ်ပါသည်၊ ပြည်တွင်းမှ အပါး ၃၀၊ ပြည်ပမှ ၅-ပါး ဆက်ကပ်ခဲ့ပါသည်။

ပြည်ပနိုင်ငံမှ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် ဆက်ကပ်ခံရသော ဆရာတော်ကြီး ငါးပါးမှာ-

၁။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ၀ပ်ဘော်ဝင် နိဝိသ်ကျောင်းတိုက်မှ ဆွမ်ဒက် ဖရ၀ဇီရဉာဏ၀ံသ ( ၁၃၁၈-ခု ဘွဲ့ကပ် )
၂။ သီရိလင်္ကာနိုင်ငံ ကန္နီမြို့ မာလာဝတု ကျောင်းတိုက်မှ အရှင်အသရဏ သရဏ သီရိသရဏင်္ကရ ( ၁၃၁၈-ခု ဘွဲ့ကပ် )
၃။ လောနိုင်ငံ လူယင် ပအုဆင်ဝပ် သုဝဏ္ဏဘူမိကျောင်းတိုက်မှ အရှင်ဓမ္မဉာဏ ( ၁၃၁၈-ခု ဘွဲ့ကပ် )
၎။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ ၀ပ်ဥဏ္ဏာလောမာရာမတိုက်မှ အရှင်မဟာသုမေဓာဓိပတိ ( ၁၃၁၈-ခု ဘွဲ့ကပ် )
၅။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ဖရသာသနသောဘန ၀ပ်ဘိုဝိုရ်နိဝေစ် ကျောင်းတိုက်မှ ထိုင်းနိုင်ငံ သံဃရာဇာ ဆုမ်ဒေ့ဂ်ျ ဖရဉာဏ
 သံဝရ ( ၁၃၅၂-ခု ဘွဲ့ကပ် )

ဤစာစဉ်ရေးသည့်အချိန် (၁၉၉၁-ဧပြီလ)တွင် အထက်ဖော်ပြပါ ဆရာတော်ကြီး ငါးပါးအနက် ဘွဲ့တံဆိပ်ဆက်ကပ်ခံရသော ဖရဉာဏ သံဝရ ဆရာတော် ၁-ပါးသာ သက်တော်ထင်ရှားရှိပါတော့သည်၊ ကျန်လေးပါးမှာ ပျံလွန်တော်မူကြပါပြီ။

အရှင်ပညာသာမိ (မြတ်မင်္ဂလာ ၁၉၉၁-ဧပြီလ)

No comments: