Friday 8 April 2011

အာရှတိုက်၌ ဗုဒ္ဓသာသနာ ပြန့်ပွားပုံ

အာရှတိုက်၌ ဗုဒ္ဓသာသနာ ပြန့်ပွားပုံ

ဗုဒ္ဓ၀ါဒသည် အိန္ဒိယပြည်၌ တစ်စ တစ်စ မှေးမှိန်ကွယ်ပျောက်ပြီးနောက် အာရှတိုက်မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းသို့ ပြန့်သွား၏ ၊ ထိုသို့ ပြန့်ပွားခြင်းမှာ ပဓာနအားဖြင့် အိန္ဒိယနှင့် ဒေသခံ ဗုဒ္ဓသာသနာပြု ရဟန်းတော်တို့၏ ကြိုးပမ်း အားထုတ်မှုကြောင့်ဖြစ်၏ ။ ပင်လယ်ရပ်ခြား တိုင်းတပါး၌
ဗုဒ္ဓ၀ါဒသည် ပတ်ဝန်းကျင်နှင့် ခေတ်ကာလ အမျိုးမျိုးတို့ကို ဖြတ်သန်းခဲ့ရသော်လည်း သွေးထက်သံယိုဖြစ်မှု လုံးဝမရှိဘဲ အောင်မြင်ခြင်းသည် ဗုဒ္ဓသာသနာ သမိုင်း၏ ထူးခြားသော လက္ခဏာဖြစ်၏ ၊
ဤအချက် ရှေးဗုဒ္ဓ၀ါဒ သမိုင်းကို အခြားကမ္ဘာ ဘာသာဝါဒ သမိုင်းများနှင့် နှိုင်းယှဉ်လေ့လာပါက ပိုမိုထင်ရှားပေမည်။

ဗုဒ္ဓ၀ါဒီတို့သည် ဓားလက်နက်ဖြင့် သာသနာပြုခြင်း ၊ဘာသာမတူသောသူတို့အား ဖိနှိပ်ခြင်း ဘာသုရေး စစ်ပွဲများ ဆင်နွှဲခြင်းစသော ကမ္ဘာ့သမိုင်း တစ်လျှောက်၌ ဘာသာတရားကို ခုတုံးလုပ်၍ လူတို့ ကျူးလွန်ခဲ့ကြသည့် ပြစ်မှုများမှ ကင်းလွတ်ခဲ့ကြပေသည်။
သီရိလင်္ကာ

သီဟိုကျွန်းသို့ ဗုဒ္ဓသာသာနာ ရောက်လာပုံသည် သီဟိုဠ်သားတို့၏ ဒီပ၀င် မဟာဝင်ကျမ်းများ၌ အကျယ်လာ၏၊ ဤကျမ်းများကို ဗုဒ္ဓ၀ါဒသမိုင်း လေ့လာသော ပညာရှင်တို့ မှီးငြမ်းပြုကြရ၏၊ ယခုခေတ် သုတေသီဆရာတို့ သံသယ၀င်သော သီဟိုဠ်သာသနာ့ အမွေခံ ပစ္စည်းမှာ စွယ်တော်ဖြစ်၏၊ စွယ်တော်သည် လေးရာစုအတွင်းက အိန္ဒိယပြည်မှ ရောက်လာ၍ ပေါ်တူဂီတို့နှင့် ကျေးကုလားများ၏ ရန်ကြောင့် တိုင်းပြည်မငြိမ်မသက် ဖြစ်သောအခါ အမြို့မြို့သို့ ယူဆောင်၍ ၀ှက်ထားကြ၏၊ ၁၅၆၀ ခုပြည့်နှစ်၌ ပေါ်တူဂီတို့က စွယ်တော်ကို ရရှိ၍ ဂိုအာမြို့၌ ဖျက်ဆီးပစ်လိုက်ကြ၏၊ သို့ရာတွင် စွယ်တော်မှာ ကန္နီမြို့သို့ ပြန်လည်ရောက်ရှိ၍ ပေါ်တူဂီတို့ ဖျက်ဆီးပစ်သော စွယ်တော်သည် အတုဖြစ်သည်ဟု ယုံကြည်ကြ၏ ၊
မည်သို့ဖြစ်စေ ယခုကန္နီမြို့ ရှိစွယ်တော်မှာ နှစ်လက်မခန့် ရှည်၍ လူပုဂ္ဂိုလ်တစ်ဦး၏ သွားဖြစ်သည်ဟု ယုံကြည်ရန် ခဲယဉ်း၏၊

စွယ်တော်ထက် များစွာအဖိုးတန်သော သီဟိုဠ်သာသနာ့ အမွေသည်ကား ဗုဒ္ဓစာပေဖြစ်၏၊ ပါဠိ ပိဋကတ်ကို ရှေးဦးလက်မွန် ပေထက်အက္ခရာတင်၍ ထိန်းသိမ်းစောင့်ရှောက် ခဲ့ကြသော ရှေးသီဟိုဠ်ရဟန်းတို့၏ ကျေးဇူးကား ယနေ့ ထေရ၀ါဒီအပေါ်၌ ကြီးမားလှပေ၏၊ ပိဋကတ်ကို သီဟိုဠ်သားတို့က မိမိတို့အလိုကျ ပြင်ဆင်ခဲ့သည်ဆိုသော စွပ်စွဲချက်မှာ အခြေအမြစ်မရှိချေ။

သီဟိုဠ်၌ ယိုးဒယား အမရပူရနှင့် ရာမညဟူ၍ ဂိုဏ်းသုံးဂိုဏ်းကွဲလျက်ရှိ၏၊ ယိုးဒယားဂိုဏ်းသည် အင်အားတောင့်တင်းသော အတင်ဂိုဏ်းဖြစ်၍ ဇာတ်ကြီးမြင့်သူများကိုသာ ရဟန်းပြုပေး၏၊ အမရပူရဂိုဏ်းမှာ အခြားဇာတ်ရှိသူများကို လက်ခံသော အရုံဂိုဏ်းဖြစ်၍ သာသနာရေး ကိစ္စများကို တက်တက်ကြွကြွ ဆောင်ရွက်၏၊ ရာမညဂိုဏ်းသည်ကား အင်အားသေးငယ်သော်လည်း  ၀ိနည်းသိက္ခပုဒ်များ ထိန်းသိမ်းရာ၌ တင်းကျပ်၍ သံဃာက ပစ္စည်း ဥစ္စာပိုင်ဆိုင်ခြင်းကို တားမြစ်၏၊

[ လက်ရှိကာလ ၂၀၀၉ ခုနှစ်၌ သီဟိုဠ်သံဃာ သုံးသောင်းကျော်ရှိပြီး ယိုးဒယား သို့မဟုတ် ယနေ့ခေတ်အခေါ် သျာမ သျှမ်းဂိုဏ်းမှာ ဇာတ်အမြင့် အနိမ့်ခွဲခြားချက် မရှိဘဲ ရဟန်းပြုပေးသည်ကို တွေ့ရှိရ၏၊ ယနေ့အချိန်အထိ အင်အား အကောင်းဆုံး ဂိုဏ်းအဖြစ် ရပ်တည်လျက် ရှိနေသေး၏ ၊ အများစု သီဟိုဠ်သံဃာများမှာ အကျင့်ပိုင်းဆိုင်ရာ အားနည်းသွားပြီး ဗုဒ္ဓစာပေများ လေ့လာကြရာ၌ တက္ကသိုလ် ပညာသင်စနစ်ဖြင့် လေ့လာကြပြီး သုတ္တန်များကို ဦးစားပေးလေ့လာကြ၏. ၀ိနည်းကို လေ့လာမှု ကျင့်ကြံမှု အားနည်းလာသည်ကို တွေ့ရ၏ အဘိဓမ္မာကို စိတ်ဝင်စားမှု မရှိကြချေ. ။။ (အရှင်တိက္ခဥာဏ အာဘော်]
မြန်မာနိုင်ငံ

ခရစ်နှစ် မတိုင်မှီကပင် မြန်မာနိုင်ငံသို့ အိန္ဒိယတောင်ပိုင်းနှင့် သီဟိုဠ်ကျွန်းမှ ဗုဒ္ဓဘာသာ ပြန့်ပွားလာကြောင်း သမိုင်းအထောက် အထားများရှိ၏၊ ထိုပင်လယ်ရပ်ခြားမှ ရောက်ရှိလာသော ဗုဒ္ဓ၀ါဒမှာ ထေရ၀ါဒ ဖြစ်၍ ထေရ၀ါဒ အခြေမစိုက်မှီက မြန်မာပြည် အထက်ပိုင်း၌ မဟာယာန၀ါဒ ပေါ်ထွန်းနေသည်ဟု သမိုင်းဆရာတို့ ယူဆကြ၏ ၊အနော်ရထာ မင်းလက်ထက် မတိုင်မှီ ပုဂံပြည်၌ ကြီးစိုးနေသော အရည်းကြီးတို့၏` အယူဝါဒသည် တန္တရနှင့် ရောထွေးနေသော မဟာယာန၀ါဒ ဖြစ်ဟန်ရှိ၏ ၊

မြန်မာနိုင်ငံရှိ ထေရ၀ါဒကို လေ့လာသော အိန္ဒိယ ပညာရှင်တစ်ဦး၏ အဆိုအားဖြင့် အထက်မြန်မာပြည်၌ ထေရ၀ါဒ အလျင်ရှိခဲ့သော မဟာယာနတန္တရ၏ အသွင်လက္ခဏာများသည် အချို့သော ပုဂံဘုရားများ၌ ထင်ရှားရှိ၏ ၊ အပယ်ရတနာ ဂူပြောက်ကြီး ပုထိုးသားများ ဘုရားသုံးဆူစသော ဂူပုထိုးများ၌ အ၀လောကိတ မဇ္ဇူသီရိ တာရာ ( တိဗက်နတ်သမီးဘုရားအမည် ) စသော ဘုရားထီး ဘုရားမများ ပွေ့ဖက်နေသော ရုပ်ပုံများကို တွေ့ရသည်ဟု ဆို၏။

မြန်မာလူမျိုးတို့၏ ဘာသာအယူဝါဒနှင့် ဓလေ့စရိုက်ကို လေ့လာသော အနောက်တိုင်းသားတို့က မြန်မာဗုဒ္ဓဘာသာသည် မြန်မာတို့၏ နတ်ကိုးကွယ်မှုကို ဖုံးကွယ်ရန် အသုံးပြုသော ဘာသာတရား ဖြစ်သည်ဟု ဆိုကြ၏၊ မြန်မာ ဗုဒ္ဓ၀ါဒီ အများစု၏ ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒအကြောင်း အသိပညာကို စေ့ငုသေချာစွာ လေ့လာဆန်းစစ်ပါက အတော်အတန်အားနည်းချွတ်ယွင်းနေကြောင်းတွေ့ရှိရပေမည်၊ ယနေ့ မြန်မာထေရ၀ါဒီတို့ သည် မဟာယာန၀ါဒီတို့ နည်းတူ ဗုဒ္ဓတရားတော်ထက် ဗုဒ္ဓအကြောင်းအရာများ၌ ပိုမိုစိတ်ဝင်စားကြခြင်းကို ယုံမှားစရာမရှိချေ၊

ပုံစံအားဖြင့် ဗုဒ္ဓဘာသာ အကြောင်းအရင်းခံ၍ ရေးသားထားသော သမန္တစက္ခုဒီပနီကျမ်း၌ လာသည့် ပုစ္ဆာပေါင်း တစ်ရာအနက် တစ်ဝက်ကျော်မှာ ဗုဒ္ဓအကြောင်းအရာ ပုစ္ဆာများဖြစ်၏။
မည်သို့ဖြစ်စေ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံဖြစ်သည်ဟု မြန်မာဗုဒ္ဓ၀ါဒီတို့ ယုံကြည်ကြ၏၊ စင်စစ် ကျောင်းကန်ဘုရား စေတီပုထိုး ပေါများခြင်း ပိဋကတ်စာပေကို အာဂုံဆောင်သူများ ရှိခြင်းသည် သာသနာထွန်းကားသော အစစ်အမှန် လက္ခဏာများဟု ဆိုနိုင်ရန် ခက်ခဲသည်။ ဗုဒ္ဓဩ၀ါဒကို အမြဲလိုက်နာ ကျင့်သုံးသော ပုဂ္ဂိုလ်ပေါများမှသာ ဗုဒ္ဓသာသနာ ထွန်းကားသည်ဟု ဆိုနိင်ကြောင်း မှတ်သားထားသင့်ပေသည်။ ။
ထိုင်းနိုင်ငံ

အထူးထင်ရှားသော သာသနာပြု ( ထိုင်း ) ဘုရင်မှာ မောင်းကွတ် (၁၈၅၁-၆၈) မင်းဖြစ်၏ ၊ ထိုမင်းသည် နန်းတက်သောအခါ ၂၆ ၀ါ ရ ရဟန်းလူထွက်ဖြစ်၍ နိုင်ငံရေး သာသနာရေး ကိစ္စများ၌ အမြော်အမြင်ရှိသော မင်းအဖြစ်ထင်ရှား၏၊ ပိဋကတ်စာပေကို လေ့လာ ဆန်းစစ်၍ ဇာတကများသည် ဘုရားဟော မဖြစ်နိုင်ဟု ဆို၏။

နိုင်ငံခြား ဘာသာဝါဒများကို လေ့လာ၍ ခရစ်ယာန် သာသနာပြုများနှင့် တရားဆွေးနွေး လေ့ရှိ၏ ၊ ဗုဒ္ဓလမ်းစဉ်ကို တိတိကျကျ လိုက်နာသော သံဃာအဖွဲ့ ဖွဲ့စည်း၍ ၀ိနည်းသိက္ခာပုဒ်ကို မလေးစားသော ရဟန်းတို့ကို အာဏာစက်ဖြင့် နှိပ်ကွပ်၏၊ ဗုဒ္ဓစာပေ ပညာရှင်တို့အား ပါဠိကို မသုံးဘဲ ထိုင်းစာဖြင့် ရိုးရိုးရှင်းရှင်း ရေးစေ၏၊

သူ၏သားတော် စူဠလွန်ကွန် (၁၈၆၈-၁၉၁၁) သည်လည်း သာသနာကို အားပေးချီးမြှင့်သော မင်းဖြစ်၏၊ ကမ္ဘောဒီးယား အက္ခရာဖြင့်ရှိသော ပိဋကတ်ကို ထိုင်းအက္ခရာဖြင့် ပုံနှိပ်၍ အနောက်နိုင်ငံ စာကြည့်တိုက်များသို့ လှူဒါန်း၏၊

ထိုင်းသံဃာသည် ရှေးဟောင်းသံဃာနှင့် ဓမ္မယုတ္တိ သံဃာဟူ၍ ဂိုဏ်းနှစ်ဂိုဏ်းရှိ၏၊ မောင်းကွတ်ဘုရင် တည်ထောင်၍ ဘုရင်အဆက်ဆက် ကိုးကွယ်သော ဓမ္မယုတ္တိဂိုဏ်းသည် ၀ိနည်းတရားကို ရိုသေလေးစား ရာ၌ထင်ရှား၏၊ ဘုရင်ခန့်ထားသော သာသနာပိုင်နှင့် သံဃာဦးစီးအဖွဲ့သည် ကျောင်းထိုင်ဆရာတော်တို့၏ အကူအညီဖြင့် သာသနာရေး ကိစ္စများကို စီမံကြီးကြပ်ရ၏ ။
ကမ္ဘောဒီးယား

ဗုဒ္ဓသာသနာသည် ငါးရာစုအတွင်းက အိန္ဒိယတိုင်းသား တို့နှင့်အတူ ရောက်လာ၍ ၆ ရာစုမှ ၁၃ ရာစုအထိ ဟိန္ဒူဘာသာနှင့်အတူ ထွန်းကားခဲ့၏၊
မူလက မဟာယာနဖြစ်၍ ဟိန္ဒူမင်းများ ဘုန်းအာဏာ ယုတ်လျော့လာသောအခါ ထိုင်းနိုင်ငံမှ ထေရ၀ါဒ ၀င်ရောက်လာ၏၊ ယခုအခါ မဟာယာန အကြွင်းအကျန်များကို ရှေးစေတီပုထိုးနှင့် ကျောက်စာများ၌သာ တွေ့ရ၍ ဟိန္ဒူဘာသာ ဓလေ့ထုံးတမ်းများမှာ ဘုရင်၏ မင်္ဂလာအခမ်းအနားများ၌သာ အနည်းငယ်ကျန်ရှိတော့၏၊

ကမ္ဘောဒီးယား သံဃာမှာ မဟာနိကာယနှင့် ဓမ္မယုတ္တိနိကာယ ဟူ၍ ဂိုဏ်းနှစ်ဂိုဏ်းရှိ၏၊ ဓမ္မယုတ္တိဂိုဏ်းသည် ထိုင်းနိုင်ငံမှ ကူးပြောင်းလာသော ရှေးဘုရင်ဂိုဏ်းဖြစ်၏၊
ဂိုဏ်းနှစ်ဂိုဏ်းမှ သာသနာပိုင် ဆရာတော်နှစ်ပါးသည် ညှိနှိုင်းတိုင်ပင်ပြီး သာသနာရေး ဥပေဒေများ ထုတ်ပြန်၍ ဘုရင်က လက်မှတ်ရေးထိုးကာ အာဏာစက်ဖြင့် ပြဋ္ဌာန်း၏၊ ထို့ကြောင့် ကမ္ဘောဒီးယားနိုင်ငံသည် အခြားထေရ၀ါဒ နိုင်ငံများထက် သာသနာပိုမို သန့်ရှင်းစင်ကြယ်၍ ကြီးပွားတိုးတက်သည်ဟု ဆိုရပေမည်၊

ထိုသာသနာရေး ဥပဒေများအရ ကမ္ဘောဒီးယားနိုင်ငံ၌ ရှင်ရဟန်းပြုရန် မလွယ်ကူချေ၊ ရဟန်းပြုလိုသောသူသည် ၀ိနည်းပိဋကတ်၌ သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံ၍ အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ကြောင်း ရပ်ရွာလူကြီးများနှင့် မြို့နယ်အရာရှိများ၏ ထောက်ခံချက်ကို သံဃာအား တင်ပြရ၏၊ ရဟန်းပြုပြီးသော အခါ သာသနာရေးဝန်ကြီးဋ္ဌာန၌ မှတ်ပုံတင်ကြ၍ မှတ်ပုံတင် ကဒ်ပြားကို အမြဲဆောင်ထားရ၏၊ ရဟန်းပြုပြီးသောအခါ သက်ဆိုင်ရာ မိဘဆွေမျိုးများက ဘ၀ရပ်တည်မှု စာပေသင်ကြားမှုနှင့် တရားအားထုတ်မှုအတွက် လှူဒါန်းထောက်ပံ့ကြရ၏၊

စင်စစ် ကမ္ဘောဒီးယား ဥပဒေများ၏ ရည်ရွယ်ချက်မှာ ရဟန်းသံဃာ၏ အရည်အချင်းကို မြှင့်တင်ရန်ဖြစ်၍ ရဟန်းဦးရေ တိုးပွားမှုကို အားပေးရန် မဟုတ်ချေ၊ သို့ဖြစ်၍ ဘုန်းကြီးကျောင်းများ ဆောက်လုပ်ခြင်းကိုပင် ကန့်သတ်ချုတ်ချယ်ထား၏၊ တကျောင်းနှင့် တကျောင်း တစ်မိုင်ခွဲကျော်ကျော် ကွာဝေးမှ ဆောက်ခွင့်ပြု၍ သူကြီးတပိုင်လျှင် ကျောင်းတကျောင်းသာရှိ၏ ကျောင်းဆောက်ရန် အစိုးရ သာသနာရေးနှင့် အုပ်ချုပ်ရေးဌာနများ၏ ခွင့်ပြုချက်ကို ရရှိဖို့လို၏ ။
လောနိုင်ငံ

လာအို ခေါ် လောနိုင်ငံကို စီအီး ၇ ရာစု ၈ ရာစုခန့်က ထေရ၀ါဒ ဗုဒ္ဓဘာသာ စတင်ရောက်ရှိပါတယ်. ရိုးရာ ယဉ်ကျေးမှုပေါ်မှာ အခြေခံထားတဲ့ လာအို ဗုဒ္ဓဘာသာကို နိုင်ငံရဲ့ လူဦးရေ ၆၅ ရာခိုင်နှုံးက ကိုးကွယ်ကြပြီး ကျန်လူအနည်းစုကတော့ တောတောင်တွေ နတ်တွေ ၀ိဥာဉ်စတာတွေကို ကိုးကွယ်ကြပါတယ်.. Animism လို့ခေါ်ဆိုပါတယ်။ ( From Wikipedia )
တရုတ်နိုင်ငံ
 သက္ကရာဇ် ( ၆၅ ) ခုနှစ်၌ တရုတ်ဧကရာဇ်ဘုရင် မင်းတိ က ပင့်ဖိတ်သောကြောင့် အိန္ဒိယပြည်မှ ရဟန်းတပါးနှင့် အာရှတိုက်အလယ်ပိုင်းမှ ရဟန်းတစ်ပါးသည် မဟာယာန ပိဋကတ်စာပေနှင့်အတူ တရုတ်ပြည်သို့ ရောက်ရှိလာကြ၏ ၊
မင်းတိလက်ထက် မတိုင်မီက တရုတ်ပြည်၌ ပေါ်ထွန်းနေသော တာအိုဝါဒမှာ ဗုဒ္ဓ၀ါဒနှင့် အချို့ နေရာများ၌ အံ့ဖွယ်လိလိ တူညီနေသောကြောင့် ဗုဒ္ဓ၀ါဒသည် တာအိုစာပေ စတင်ပေါ်ထွက်သော ဘီစီလေးရာစု ခေတ်က တရုတ်ပြည်၌ ရှိနေနှင့်ပြီလောဟု စဉ်းစားဖွယ်ရှိ၏၊

သို့ရာတွင် ထိုသို့ယူဆရန် သမိုင်းအထောက်အထား မရှိချေ၊ တရုတ်ပြည်၌ ဗုဒ္ဓဘာသာနှင့် အပြိုင်အဆိုင်ဖြစ်သော ရှိနှင့်ပြီးဘာသာမှာ ကွန်ဖျူးရှပ်ဝါဒဖြစ်၏ ၊ လောကီကြီးပွားမှုကို ရှေးရှုဟောပြောသော ကွန်ဖျူးရှပ်ဆရာတို့သည် ဗုဒ္ဓသံဃာကို ပြစ်တင်ဝေဖန်၍ တစ်ခါတစ်ရံ ဗုဒ္ဓ၀ါဒသည် ဘုရင်များ၏ အမိန့်အရ နှိပ်ကွပ်ခြင်းခံရ၏ ၊
အိန္ဒိယ ဗုဒ္ဓကျမ်းစာများကို တရုတ်ဘာသာသို့ ပြန်ဆိုပြီးနောက်၌မူ ဗုဒ္ဓ၀ါဒသည် လူထုဝါဒဖြစ်လာ၍ အချို့ဘုရင်များက အားပေးချီးမြှင့်ကြ၏၊

ဝူတီ (၅၀၂-၄၉ )သည် သုံးကြိမ်တိုင် ရဟန်းပြု၍ အသားစားခြင်းကို ရှောင်ကြဉ်၏၊ သုတ္တန်တရားများ ဟောပြော၍ ဗုဒ္ဓကျမ်းတစ်စောင် ရေးသား၏၊
ကူဗလာခန် အမှူးရှိသော မွန်ဂိုဘုရင်များသည် ဗုဒ္ဓသာသနာကို ပြုစုကြ၏၊ ပီကင်းကျောင်းများ၌ ဗုဒ္ဓစာပေ လေ့လာမှုကို အားပေး၍  ကျမ်းစာအုပ်များ လှူဒါန်း၏၊
တရုတ်ပိဋကတ်သည် စာအုပ်ရေ ၁၆၆၂ အုပ်ပါဝင်၍ သုတ် ၀ိနည်း အဘိဓမ္မာ နှင့် အထွေထွေဟူ၍ အပိုင်းကြီးလေးပိုင်းခွဲထား၏ ၊

ပထမပိုင်းမှာ ဘာသာပြန်များဖြစ်၍ စတုတ္ထပိုင်းမှာ တရုတ်ပိဋကတ်ဆရာတို့ ရေးသားသော အဋ္ဌကထာနှင့် ဋီကာများဖြစ်၏၊ သုတ္တန်ပိုင်း၌ မဟာယာနသုတ် ၅၄၁၊ ထေရ၀ါဒသုတ် ၂၄၀ နှင့် မဟာယာန ထေရ၀ါဒရောပြွမ်းနေသော သုတ် ၃၀၀ ပါဝင်၏၊ စတုတ္ထ ကဏ္ဍ၌ ပါဝင်သော တရုတ်ဗုဒ္ဓကျမ်းများမှာ ဗုဒ္ဓသာသနာသမိုင်း ရှေးမထေရ်ကြီးများ၏ အတ္ထုပ္ပတ္တိ၊ အိန္ဒိယပြည်ရောက် ရဟန်းများ၏ မှတ်တမ်း သက္ကတဝေါဟာရ အဘိဓာန် ဗုဒ္ဓ၀ါဒအပေါ် တာအိုနှင့် ကွန်ဖြူးရှပ်တို့၏ စွပ်စွဲချက်နှင့် ၎င်းတို့အား ချေပချက်များကို ဖော်ပြထားသော ကျမ်းစာအုပ်များဖြစ်၍ အုပ်ရေ နှစ်ရာခန့်ရှိ၏၊

တရုတ် ၀ိနည်းကျမ်းများမှာ ရှေးအိန္ဒိယ ဗုဒ္ဓ၀ါဒဂိုဏ်းငါးခုမှ ဘာသာပြန် ၀ိနည်းကျမ်း ငါးကျမ်းဖြစ်၍ ပါဠိဝိနည်းကျမ်းများနှင့် အခြေခံကွဲလွဲခြင်းမရှိချေ။ သို့ရာတွင် တရုတ်သံဃာကျင့်စဉ်၌ အရေးပါသောကျမ်းမှာ ထိုရှေးအိန္ဒိယကျမ်းများ မဟုတ်ဘဲ ရှေးအစဉ်အလာ မှီငြမ်းပြုသော တရုတ်ဝိနည်းကျမ်းနှစ်ကျမ်းဖြစ်၏၊
ပထမကျမ်းမှာ ၄၀၆ ခုနှစ်က သက္ကတကျမ်းတစ်ခုမှ ထုတ်နုတ်ပြန်ဆိုထားသည် ဆိုသော်လည်း ဗုဒ္ဓ၀ါဒီတို့အား ဖိနှိပ်သောနိုင်ငံ ဥပဒေများကို ရှုတ်ချထားခြင်း ဦးခေါင်းမီးရှို့ ၍ ဘုရားပူဇော်မှုကို ချီးကျူးခြင်းစသည်တို့ကို ထောက်ချင့်၍ တရုတ်ပြည်၌ ရေးသားသော ကျမ်းဖြစ်ဟန်ရှိ၏ ၊

ထိုကျမ်း၌ ရဟန်းတို့ မကျူးလွန်အပ်သော ပါရာဇိက အပြစ်ဆယ်ခု၊ အပြစ်ငယ် ၄၈ ခုနှင့် ကျင့်သုံးရမည့် သိက္ခာပုဒ်များကို ပြဆိုထား၏၊ ၀ိနည်းငါးကျမ်းနှင့် မတူသော အချက်တစ်ခုမှာ ပရဟိတလုပ်ငန်းကို ဆောင်ရွက်ရန် သံဃာအား ညွှန်ကြားထားခြင်းဖြစ်၏၊ ရဟန်းသည် လူမမာဒုက္ခိတများကို ပြုစုစောင့်ရှောက်ရမည်၊ တိရစ္ဆာန် သတ္တ၀ါများကို ကျွေးမွေးရမည်၊ ထိုဝတ္တရားများ ပျက်ကွက်သော ရဟန်းအား အပြစ်ရှိသည်၊ ( ၀ါ ) အာပတ်သင့်သည် ဆို၏၊

တရုတ်ရဟန်းကျောင်းသည် ဘေးပတ်လည်၌ အိပ်ခန်း ဧည့်ခန်း စာကြည့်ခန်း စသည်ရှိ၍ အလယ်ဗဟို၌ ဘုရားကျောင်းဆောင်ရှိသော စတုဂံသဏ္ဍာန် ကျောင်းတိုင်ဖြစ်၏၊ ဘုရားကျောင်းဆောင်ထဲ၌ ဗုဒ္ဓဆင်းတု အပြင် အရိမေတ္တေယျနှင့် အခြားဘုရား အလောင်းရုပ်တုများ သာဝကရဟန္တာ ရုပ်တုများရှိ၏၊ ကျောင်းတိုက်အရွယ်ပမာဏကို လိုက်၍ သံဃာအပါး သုံးဆယ်မှ သုံရာအထိ သီတင်းသုံးကြ၏၊ တရုတ်ရဟန်းများသည် တစ်နေရာ၌ အတည်တကျမနေဘဲ အများအားဖြင့် လှည့်လည်သွားလာနေတတ်ကြ၏၊

အသက် ၁၇ နှစ်၌ အဆင့်သုံးဆင့်ဖြင့် ရဟန်းပြုကြ၏၊ ရှေးဦးပထမ ရှင်သာမဏေ ပြု၍ နောက်တစ်ရက် နှစ်ရက်ခန့်ကြာသောအခါ ရဟန်းအဖြစ်သို့ကူးပြောင်းပြီး ၀ိနည်းသိက္ခာပုဒ်များ စောင့်ထိန်းကြ၏ ၊ နောက်ဆုံးအဆင့်၌ ဦးခေါင်းကို သုံးနေရာမှ ၁၈ နေရာထိ မီးရှို့ ၍ ဗောဓိသတ္တ ပဋိညာဉ်ကို ခံယူကြ၏၊ ဤဓလေ့သည် အိန္ဒိယပြည်မှ ကူးစက်လာဟန်ရှိ၍၎င်းအတိုင်း လိုက်နာပြုကျင့်သော ပုဂ္ဂိုလ်သည်သာ ဘုရားလောင်းအစစ် ဖြစ်သည်ဟု ယုံကြည်ကြ၏၊ တရုတ်ရဟန်းတို့သည် ဆွမ်းမခံကြချေ၊ အစာအာဟာရမှာ သက်သတ်လွတ်ဖြစ်၍ တစ်နေ့လျှင် သုံးထပ်စားကြ၏၊ သံဃာ၏ စားဝတ်နေမှုအတွက် လယ်မြေများမှ ၀င်ငွေရ၍ လယ်မြေများထိန်းသိမ်းကြီးကြပ်ရာ၌ လူပုဂ္ဂိုလ်အဖွဲ့က ကူညီကြ၏။ ရဟန်းတို့သည် နေ့စဉ်သုံးကြိမ် ဘုရားဝတ်ပြု၍ ဥပုသ်နေ့များ၌ ပါတိမောက်ရွတ်ဆိုနေကြ၏၊ ဗုဒ္ဓ ဗောဓိသတ္တနှင့် ရဟန္တာတို့၏ မွေးနေ့များကို ကျင်းပကြ၏. အမျိုးသား ရိုးရာနတ်ပူဇော်ပွဲ ရာသီပွဲနှင့် မင်္ဂလာပွဲများ၌ ပါဝင်ဆောင်ရွက်ကြ၏၊

ဗုဒ္ဓ၀ါဒသည် တရုတ်ပြည်သို့ ရှေးပဝေသဏီမှစ၍ ပျံ့နှံ့ ပြီးလျှင် လူထုဘာသာဝါဒ ဖြစ်လာသော်လည်း လူတို့၏ နှလုံးသားထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ခြင်းမရှိခဲ့ချေ၊ အကြောင်းမူ ဗုဒ္ဓ၀ါဒ ရောက်လာသောအခါ တရုတ်တို့မှာ လိမ္မာယဉ်ကျေးမှု ရှိပြီးဖြစ်၍ တာအိုနှင့် ကွန်ဖြူးရှပ်ဝါဒများကို လက်ခံပြီးဖြစ်ကြ၏၊ ထို့အပြင် တရုတ်တို့သည် လူမျိုးဗီဇအားဖြင့် လောကီကြီးပွားချမ်းသာရေးကိုသာ အာရုံစူးစိုက်သောကြောင့် ကွန်ဖြူးရှပ်ဝါဒက သူတို့စိတ်ကို ဗုဒ္ဓ၀ါဒထက် ပိုမိုဆွဲဆောင်နိုင်စွမ်းရှိပေမည်၊ တရုတ်နိုင်ငံ၌ ရှေးဟောင်းဗုဒ္ဓဘာသာ ဘုရားကျောင်းကန်များ ရှိသေးသော်လည်း ဗုဒ္ဓ၀ါဒမှာ အစဉ်အလာ ယုံကြည်စွဲလမ်းမှုနှင့် ဓလေ့ထုံးစံများအကြား၌ အားနည်းလျက်ရှိ၏၊ ဗုဒ္ဓဘုရား ၀တ်ကျောင်းများသို့ သွားကြသူများသည် အများအားဖြင့် ဘုရားတ၇ား ဆင်ခြင်အောက်မေ့ရန်မဟုတ်ဘဲ လောကီစီးပွားရေးအတွက် ဗေဒင်ယတြာမေးရန် သွားရောက်ကြခြင်းဖြစ်၏ ။

ကိုရီးယားနိုင်ငံ

ကိုရီးယားနိုင်ငံသည် လေးရာစုနှင့် ငါးရာစုအတွင်းက တရုတ်ပြည်မှ ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှု အတတ်ပညာများကို ရရှိ၏ ၊ ဗုဒ္ဓ၀ါဒသည် ရှစ်ရာစုအစ၌ ရောက်လာသော ကွန်ဖြူးရှပ်ဝါဒနှင့် အပြိုင်ဖြစ်လာ၏၊ ၁၃ ရာစု၌ ကွန်ဖြူးရှပ်ဝါဒ အရေးသာ၍ ဗုဒ္ဓသာသနာကို အားပေးသောဘုရင်များ ထီးနန်းစွန့်လွှတ်ကြရပြီး မြို့ကြီးများရှိ ဘုန်းကြီးကျောင်းအားလုံး ပိတ်ထားရ၏၊ သို့ရာတွင် နောက်နှစ်ပေါင်း အတန်ကြာသောအခါ ဗုဒ္ဓဘာသာကို အားပေးသောဘုရင်များ ထီးနန်းစွန့်လွှတ်ကြရပြီး မြို့ကြီးများရှိ ဘုန်းကြီးကျောင်းအားလုံး ပိတ်ထားရ၏၊ သို့ရာတွင် နောက်နှစ်ပေါင်း အတန်ကြာသောအခါ ဗုဒ္ဓဘာသာ ပြန်လည်ရှင်သန်လာ၍ ၁၆ ရာစုအတွင်းက ဂျပန်စစ်တပ်ကို ခုခံတွန်းလှန်ရာ၌ ရဟန်းသံဃာများ ပါဝင်ကြသည်ဆို၏၊ စစ်ပြီးခေတ်၌မူ မြောက်ကိုရီးယားမှာ ကွန်မြူနစ်နိုင်ငံဖြစ်၍ ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရန် အလားအလာ မရှိချေ၊ တောင်ကိုရီးယားမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိသော်လည်း ခရစ်ယာန်ဘာသာနှင့် အပြိုင်ဖြစ်နေသောကြောင့် ဗုဒ္ဓဘာသာ၏ စည်ပင်ပြန့်ပွားမှုမှာ အရှိန်နှေးကွေးနေကြောင်း သိရ၏၊


ဂျပန်နိုင်ငံ


ဗုဒ္ဓသာသနာသည်၅၅၂ ခုနှစ်၌ ကိုရီးယားမှ ဂျပန်ကျွန်းသို့ ရောက်လာ၍ မင်းသားကြီးရှိတိုကုတိုင်းရှိ၏ လက်ထက်၌ထွန်းကားလာ၏၊ မင်းသားကြီးသည် တရုတ်နိုင်ငံသို့ ရဟန်းတော်များ စေလွှတ်၍ ဟော်ယူဂျီအရပ်၌ စေတီပုထိုးနှင့် ၀ိဟာရကျောင်းများ တည်ဆောက်၏ ၊ သာသနာကို အားပေး၍ မဟာယာနသုတ် သုံးခုကို ဖွင့်ဆိုရေးသား၏၊ ဂျပန်နိုင်ငံ၌ မဟာယာနဂိုဏ်းပေါင်း ၆၀ ကျော်ရှိ၍ ထင်ရှားသောဂိုဏ်းများမှာ တင်ဒေ ရှင်ဂုန် နီချီရင် ဂျိုဒိုရှင်ရှု နှင့် ဇင်ဂိုဏ်းများဖြစ်၏။
တင်ဒေဂိုဏ်းသည် လူတိုင်း၏ စိတ်သန္တာန်၌ ဗောဓိဥာဏ်မျိုးစေ့ ကိန်းဝပ်နေသည်။ (၀ါ ) လူတိုင်း ဘုရားဖြစ်နိုင်သည်ဟု ဟော၏၊ ရှင်ဂုန်ဂိုဏ်း၏ ခံယူချက်မှာ အိန္ဒိယသားတို့၏ ပရမတ္တ၀ါဒနှင့် များစွာမခြားနားချေ၊ အိန္ဒိယယောဂနှင့် တန္တရကျင့်ထုံးများကို လက်ခံ၍ ဂါထာမန္တရား အင်းအိုင်လက်ဖွဲ့များကိုလည်း အားပေးသောကြောင့် ထင်ရှား၏၊

နီချီရင်ဂိုဏ်းသည် ဗုဒ္ဓ၀ါဒနှင့် နိုင်ငံအစိုးရ ပေါင်းစည်းရေးကို ရှေးရှုသောဂိုဏ်းသည် အမိတာဘ ဗုဒ္ဓအား ကိုးကွယ်ဆည်းကပ်မှုကိုသာ ၎င်း၏တစ်ခုတည်းသော ကျင့်စဉ်အဖြစ် အသိအမှတ်ပြု၏၊ ဂျပန်နိုင်ငံ၌ ဗုဒ္ဓဘာသာနှင့် အပြိုင်ဖြစ်ခဲ့သော ဘာသာမှာ ရှေးပဝေသဏီကစ၍ ရှိခဲ့သော ရှင်တိုဘာသာ ဖြစ်၏၊ ဗုဒ္ဓ၀ါဒီတို့သည် မူလအစ၌ ရှင်တိုဝါဒီတို့နှင့် ပဋိပက္ခ ဖြစ်သော်လည်း ရှင်တိုနတ်များကို ဘုရားလောင်း ပြုလုပ်လိုက်ခြင်း ဖြင့် ၎င်းတို့၏ အနှောင့်အယှက်မှ ကင်းလွတ်ခဲ့၏၊ ရှင်တိုဘာသာသည် ဒုတိယကမ္ဘာစစ် မဖြစ်မီ ဂျပန်နိုင်ငံ၌ စစ်ဝါဒထွန်းကားစဉ်က နိုင်ငံအစိုးရ၏ အားပေးမှုကို ရရှိခဲ့သော်လည်း ယခုအခါ ဗုဒ္ဓဘာသာလောက် အရှိန်အ၀ါ မကြီးမားတော့ချေ။

ယနေ့မဟာယာန ဗုဒ္ဓနိုင်ငံများတွင် ဂျပန်သည် သာသနာရေးကိစ္စများကို ရှေ့တန်းမှ တက်တက်ကြွကြွ ဆောင်ရွက်နေသောနိုင်ငံဖြစ်၏၊ လူမှုဝန်ထမ်းလုပ်ငန်းများကို အားပေး၍ ၁၉၃၉ နှစ်က ဗုဒ္ဓဘာသာ လူမှုဝန်ထမ်းအဖွဲ့ပေါင်း ခုနစ်ရာခန့်ရှိ၏၊ တက္ကသိုလ်များ၌ ဗုဒ္ဓသုတေသနဋ္ဌာနများရှိ၍ တရုတ် တိဗက်နှင့် ထေရ၀ါဒ ပိဋကတ်များကို နှိုင်းယှဉ်လေ့လာကြ၏၊ ပါဠိပိဋကတ်ကို ဂျပန်ဘာသာသို့ ပြန်ုဆိုခဲ့ကြရာ အတွဲပေါင်း ၆၅ တွဲဖြင့် ပြန်ဆိုပြီးစီးပေပြီ၊
တိဗက်
 အခြားဗုဒ္ဓဘာသာ နိုင်ငံများမှာကဲ့သို့ပင် တိဗက်နိုင်ငံ၌ ဗုဒ္ဓဘာသာသည် လူများစု၏ အဆင့်နိမ့် ဗုဒ္ဓဘာသာနှင့် လူနည်းစု အဆင့်မြင့် ဗုဒ္ဓဘာသာဟူ၍ နှစ်မျိုးရှိ၏၊ လူထုဗုဒ္ဓဘာသာသည် ဟိန္ဒူတန္တရ၀ါဒနှင့် ရောထွေးနေ၍ တန္တရ၀ါဒကို လက်ယာလမ်း၊ လက်ဝဲလမ်းဟူ၍ ခွဲခြားသတ်မှတ်ထား၏၊ လက်ယာလမ်းတန္တရသည် မြန်မာနိုင်ငံရှိ လောကီပညာ အထက်လမ်းနှင့်တူ၍ လက်ဝဲလမ်းတန္တရ၀ါဒမှာ လောကီပညာ အောက်လမ်းနှင့်တူ၏။

ရှေးအခါက ဘင်္ဂလားနှင့် အာသံပြည်နယ်များ၌ ပေါ်ထွန်းခဲ့သော တန္တရ၀ါဒသည် ခုနစ်ရာစု အလယ်လောက်က တိဗက်ပြည်သို့ ရောက်လာ၏၊ တန္တရမှာ ဟိန္ဒူတန္တရနှင့် ဗုဒ္ဓတန္တရဟူ၍ နှစ်မျိုးရှိသည်၊ ဗုဒ္ဓတန္တရမှာ ဟိန္ဒူတန္တရ၏ အညစ်အကြေးများမှ ကင်းစင်သည်ဟု တိဗက် ဗုဒ္ဓစာပေ ပညာရှင်တစ်ဦးက ယူဆ၏၊ ၁၁ ရာစုခေတ်က အတိသအမည်ရှိ တန္တရဂိုဏ်းသား ရဟန်းတပါးသည် ကျမ်းစာများပြန်ဆိုခြင်း ကျောင်းများဆောက်ခြင်းစသည်ဖြင့် တိဗက်ဗုဒ္ဓဘာသာကို ပြုပြင်ခဲ့၏၊ အတိသ၏ သာသနာပြုပြင်ရေး လုပ်ငန်းများကို ရွှန်ကပခေါ် တိဗက်ရဟန်းတော်က ဆက်လက်ဆောင်ရွက်၏။ တိဗက်သာသနာ၌ ထင်ရှားသော ရွှန်ကပသည် ရဟန်းတို့အား ထေရ၀ါဒ ၀ိနည်းကျင့်သုံးစေခြင်းဖြင့် တိဗက်ဗုဒ္ဓဘာသာကို တန္တရ အညစ်အကြေးများ ကင်းစေရန် ကြိုးပမ်းဆောင်ရွက်၏၊

တိဗက်သံဃာသည် အနီဂိုဏ်း အ၀ါဂိုဏ်း အနက်ဂိုဏ်းနျင့် ကာဂျူပဂိုဏ်းဟူ၍ လေးဂိုဏ်းရှိ၏၊ ရွှန်ပက ပြုပြင်ခဲ့သော အ၀ါဂိုဏ်းသည် အထင်ရှားဆုံးဖြစ်၍ ထိုဂိုဏ်း ၌ ဒလိုင်းလားမား၊နှင့် တာရှိလာမစသော သာသနာပိုင်ကြီးများ ပါဝင်ကြ၏၊ တိဗက် လာမား ဘုန်းကြီးများ၏ အဓိကလုပ်ငန်းမှာ လူတို့အား ဘီလူးသရဲစသော မိစ္ဆာ မကောင်းဆိုးဝါးများ၏ ရန်မှကာကွယ်ရန် ပရိတ်ဂါထာ မန္တာန်များ ရွတ်ဖတ်ခြင်းဖြစ်၍

‘ ဥုမ် မဏိပါဒံ ဟုမံ’ ကဲ့သို့သော မန္တာန်များနှင့် စီရင်ထားသော အင်းအိုင် ခလှဲ့လက်ဖွဲ့များကို လူတို့ ယုံကြည်ကိုးစားကြ၏၊ ထိုသို့ တိဗက်လူထု၏ ဘာသာတရားသည် တန္တရ အညစ်အကြေးများနှင့် ရောပြွမ်းနေသော်လည်း တိဗက်ဗုဒ္ဓ၀ါဒီအားလုံးကို အထင်အမြင် မသေးသင့်ချေ၊ အချို့ တိဗက်ယောဂီတို့သည် သရဲတစ္ဆေ အစွဲချွတ်ရန် ယောဂီများကို ညအခါ တောထဲ၌ တစ်ယောက်တည်းတရားထိုင်ခိုင်း၏၊

တိဗက်ပြည်၌ တန်ခိုးအဘိညာဉ်ရသော ရသေ့ရဟန်းများရှိသည်ဟု အချို့အနောက်တိုင်းသားများ ယုံကြည်ကြ၏၊ ရှေးအခါက အနောက်တိုင်း၌ ထင်ရှားခဲ့သော သီအိုဆိုဖီအသင်းများသည် တိဗက်ပြည် ရဟန္တာများထံမှ သူတို့ရရှိသည်ဆိုသော တရားများကို ဟောပြောကြ၏၊ တစ္ဆေ သရဲ နတ်ဗြဟ္မာစသည်တို့ကို လူတို့၏ စိတ်ကူးဖန်တီးမှုအဖြစ် ပြဆိုထားသော ရှေးဟောင်းတိဗက် ကျမ်းများမှာ အနောက်တိုင်း အသိပညာရှင်များ အထူးလေ့လာသော စာအုပ်ဖြစ်၏ ။

No comments: